BGF အကူအညီဖြင့် မြဝတီ-ကော့ကရိတ် အာရှလမ်း သင်္ဃန်းညီနောင်ကို စစ်အုပ်စုက ပြန်ထိန်းချုပ်

By MPM 8 စက်တင်ဘာ, 2025 👁

ကရင်ပြည်နယ်၊ မြဝတီ – ကော့ကရိတ် အာရှလမ်းပိုင်းရှိ သင်္ဃန်းညီနောင်ကို ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့၏ အကူအညီဖြင့် အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံတပ်များက စက်တင်ဘာလ (၆) ရက်နေ့က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

အဆိုပါ အာရှလမ်းပေါ်ရှိ ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်းအား ပြီးခဲ့သည့် ဇူလိုင်လ (၂၄) ရက်နေ့က စစ်အုပ်စုလက်အောက်ခံတပ်များမှ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကော့ကရိတ် – သင်္ဃန်းညီနောင် – မြဝတီ လမ်းပိုင်းအား ပြန်လည်ထိန်းချုပ်နိုင်ရန်လည်း ဩဂုတ်လ (၂၈) ရက်နေ့မှစတင်ကာ စစ်ဆင်ရေးတစ်ရပ်အဖြစ် ဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်။

ယင်း ကော့ကရိတ် – သင်္ဃန်းညီနောင် – မြဝတီ အာရှလမ်းပိုင်းအား စစ်အုပ်စုလက်အောက်ခံတပ်၏ အောင်ဇေယျစစ်ကြောင်းမှ ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် ကော့ကရိတ်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အပြင်၊ မြဝတီမြို့စောင့်တပ်ဖြစ်သည့် ခလရ – ၂၇၅ တပ်ရင်းထဲမှလည်း စက်တင်ဘာလ (၁) ရက်နေ့မှစတင်ပြီး စစ်ကြောင်းထိုးလာရာ မြဝတီမြို့နယ် ကွင်းကလေးကျေးရွာ၌ တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။

စစ်အုပ်စုလက်အောက်ခံတပ်မှ ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) – BGF တပ်ဖွဲ့၏ အကူအညီဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စက်တင်ဘာလ (၆) ရက်နေ့တွင် သင်္ဃန်းညီနောင်ဒေသအား စစ်အုပ်စုလက်အောက်ခံတပ်၏ အောင်ဇေယျစစ်ကြောင်းက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောကြားသည်။

စက်တင်ဘာလ (၁) ရက်နေ့မှစတင်ပြီး သင်္ဃန်းညီနောင်ဒေသအား စစ်အုပ်စုလက်အောက်ခံတပ်မှ ကြည်းကြောင်းအပြင်၊ ဒရုန်းနှင့် လေယာဉ်များဖြင့်ပါ အပြင်းအထန် တိုက်စစ်ဆင်ခဲ့ခြင်းဖြစ်သည့်အတွက် KNLA နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်ဘက်မှ ပြန်လည်ဆုတ်ခွာခဲ့ရသည်။

လက်ရှိတွင်လည်း စစ်အုပ်စုလက်အောက်ခံတပ်မှ ကော့ကရိတ် – သင်္ဃန်းညီနောင် – မြဝတီ အာရှလမ်းပိုင်းအား နယ်မြေလုံခြုံရေးလုပ်ငန်းများ လုပ်ဆောင်နေသည့်အပြင် အာဏာသိမ်းစစ်အုပ်စုကလည်း ယင်းအာရှလမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

IMNA