အိန္ဒိယ – မြန်မာနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး လေရှီးမြို့နယ် အနောက်ဘက်ခြမ်းကျေးရွာတွေဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်အင်အား ၃၀ ဝန်းကျင်ပါတဲ့စစ်ကြောင်းဟာ လေရှီးမြို့ရဲ့အနောက်ဘက်ကို စက်တင်ဘာလ ၃ ရက်နေ့ကစပြီး ကား ၂ စီးနဲ့ စစ်ကြောင်းထိုးနေတာလို့ လေရှီးမြို့ခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။
“ဘာသတင်းထူးလို့လဲတော့မသိဘူး နယ်စပ်ဘက်ကိုကား ၂ စီးနဲ့ သွားလိုက်တာတော့ မှန်တယ်” လို့ အသက် ၃၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသားက ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ စက်တင်ဘာလ ၄ ရက် မနေ့ညက လေရှီးမြို့နယ် ကူကီးကျေးရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး စက်တင်ဘာလ ၅ ရက် ဒီမနက်ပိုင်း ကူကီးကနေ အိန္ဒယ–မြန်မာ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဆွမ္မရာမြို့ဘက်ကို ဆက်ဦးတည်သွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကလည်း လေရှီးအနောက်ဘက်ခြမ်းရွာတွေနဲ့ ဆွမ္မရာဘက်ကရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့နားလည်မူမယူထားတဲ့ NSCN-K (ယုန်းအောင်) အဖွဲ့က အိမ်ခွန်တွေလာကောက်ချိန် တစ်ကြိမ် စစ်ကြောင်းထိုးတာမျိုးရှိခဲ့တယ်လို့ သိရပါတယ်။
“အရင်လက တစ်ကြိမ် တောဘက်က လေရှီး ဆမ္မရာဘက်တွေ တစ်နှစ်စာအိမ်ခွန်လာကောက်လို့ သတင်းကြားတာနဲ့ သူတို့စစ်ကြောင်းထိုးသေးတယ် အခုလည်း တောဘက်က ရောက်နေလို့ လို့တော့ ကြားတာပဲ ဘာကိစ္စလဲတော့မသိရသေးဘူး” လို့ အထက်ဖော်ပြပါအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်တွေအခုလိုနယ်စပ်ဘက်ကိုစစ်ကြောင်းထိုးနေတာဟာ NSCN-K (ယုန်းအောင်) အဖွဲ့ လေရှီးအနောက်ဘက်ခြမ်းမှာ လှုပ်ရှားနေတာကြောင့် ဖြစ်တယ်လို့ ဒေသခံတစ်ချို့သုံးသပ်နေကြပါတယ်။
နာဂလက်ကိုင်တပ်တွေဖြစ်တဲ့ NSCN-K (အန်းမိုင်း) တပ်ဖွဲ့နှင့် NSCN-K (ယုန်းအောင်) နှစ်ဖွဲ့ထဲက NSCN-K (အန်းမိုင်း) တပ်ဖွဲ့ဟာ စစ်ကောင်စီတပ်နဲ့ နားလည်မှုယူထားတဲ့အဖွဲ့ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေ အိန္ဒိယ–မြန်မ ာနယ်စပ်ဘက်ကို စစ်ကြောင်းထိုးနေတာနဲ့ပတ်သက်ပြီး NSCN-K (ယုန်းအောင်) အဖွဲ့ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာ အခုလိုဖြေကြားခဲ့ပါတယ်။
“လောလောဆယ် မြေပြင်အခြေအနေ ဘာမှမသိရသေးဘူးဗျ ဖုန်းလိုင်းမရှိလို့ မြေပြင်နဲ့ဆက်သွယ်လို့မရသေးဘူး” လို့ သူကပြောပါတယ်။
အခုလို စစ်ကြောင်းထိုးလာတဲ့အတွက် လေရှီးမြို့နယ်အနောက်ဘက်ခြမ်းကျေးရွာနေ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရပြီး ကျေးရွာတွင်းက လူငယ်အများစု ပေါ်တာဆွဲခံရမှာစိုးရိမ်တဲ့အတွက် တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ထို့အပြင် စစ်ကောင်စီတပ်ဟာ ယခုနှစ်ဆန်းပိုင်းကစပြီး ခန္တီး၊ လဟယ်၊ လေရှီးနဲ့ ထမံသီ စတဲ့ကားလမ်းပိုင်းတွေမှာ စစ်ကြောင်းထိုးပြီး ခရီးသွားလာတဲ့ နာဂလူငယ်တွေကို စစ်မှုထမ်းအတွက် ဖမ်းဆီးတာမျိုး ခပ်စိပ်စိပ်လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းနောက်ပိုင်း မြန်မာပြည်တဝှမ်းလုံးက တိုင်းနဲ့ပြည်နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ EAO ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေပေမယ့် နာဂဒေသမှာတော့ ဒီကနေ့အထိ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိသေးပါဘူး။
ဒါပေမယ့် စစ်ကောင်စီတပ်ဟာ တရုတ်–မြန်မာ–အိန္ဒိယ သုံးနိုင်ငံကြား ကုန်သွယ်ရေးလုပ်ငန်း ဖော်ဆောင်နိုင်ရေးအတွက် ကံပိုင်တည်–မြစ်ကြီးနား–ပန်ဆောင် လမ်းဖောက်လုပ်ရေးကို ဩဂုတ် ၃၁ ရက်နေ့ သဘာတူလက်မှတ်ထိုးခဲ့ပါတယ်။
KNG