နာဂလူငယ်တွေကိုပစ်မှတ်ထား ဖမ်းဆီးနေတဲ့အပေါ် ရှုတ်ချကြောင်း NSO ထုတ်ပြန်

By MPM 4 စက်တင်ဘာ, 2025 👁

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ စစ်ကောင်စီတပ် ခရီးသွားလာတဲ့ နာဂလူငယ်တွေကို ပစ်မှတ်ထားပြီး စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးနေတဲ့အပေါ် ရှုတ်ချကြောင်း NSO ကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ နာဂဒေသထဲက ခန္တီး–လဟယ် လမ်းပိုင်းနဲ့ လေရှီး–ဆင်သေ၊ ထမံသီ လမ်းပိုင်းမှာ နာဂလူငယ်တွေနဲ့အသက်မပြည့်သေးတဲ့ လူငယ်တွေကို ဖမ်းဆီးနေကြောင်း (NSO) က ဆိုထားပါတယ်။

အာဏာသိမ်းစစ်တပ်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်မှုထမ်းဥပဒေအသက်သွင်းလိုက်ပြီးနောက် နာဂဒေသရှိ လူငယ်တွေကို ရပ်ရွာထဲအထိ အတင်းအဓမ္မဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တဲ့အပြင် ဒီနောက်ပိုင်း ခရီးသွားလာနေတဲ့လူငယ်တွေကိုပါ ပစ်မှတ်ထားဖမ်းဆီးတာ၊ အသက်မပြည့်သေးတဲ့ လူငယ်တွေကို ဖမ်းဆီးတာတွေ ခပ်စိပ်စိပ်လုပ်ဆောင်နေတယ်လို့လည်း NSO အဖွဲ့တာဝန်ရှိသူတစ်ဦး KNG ကို ပြောပါတယ်။

“အစကတော့ ခန္တီးမြို့ထဲအထိဝင်ဖမ်းတယ် အရပ်ဝတ်တွေနဲ့ဖမ်းတယ် ဒီနောက်ပိုင်း လူငယ်တွေက အိမ်ထဲမှာ မလုံခြုံတော့ တခြားနေရာကိုရှောင်ကြ လူမရတော့တဲ့အခါ သူတို့က ခရီးသွားတဲ့လူငယ်တွေ၊ ကားနောက်လိုက်တဲ့လူတွေကို ဖမ်းတာတွေလုပ်နေတယ် အများကြီးအဖမ်းခံလိုက်ရတယ် ခန့်မှန်းခြေ ၁၀၀ လောက်တော့ရှိပြီ ဖမ်းထားတာ” လို့ NSO အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ၂၀၂၄ နှစ်ကုန်ပိုင်းအထိ ခန္တီး၊ လဟယ်မြို့ပေါ်တွေမှာ အိမ်စီးကားသုံးပြီး အရပ်ဝတ်တွေနဲ့ လူငယ်တွေကို ဖမ်းဆီးမှုတွေလုပ်ခဲ့တဲ့အတွက် လူငယ်အများစု တိမ်းရှောင်တာတွေ များလာတာကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ နောက်ပ်ိုင်းကနေတော့ ခရီးသွားတဲ့လူငယ်တွေကို ပစ်မှတ်ထားလာတာလို့ သိရပါတယ်။

“ဒီနောက်ပိုင်းတော့ သူတို့လည်း စစ်ကြောင်းထိုးပြီး ခန္တီး–လဟယ် လမ်းပိုင်းတို့ ဆင်သေ–လေရှီး-ထမံသီ လမ်းပိုင်းတို့မှာခရီးသွားတဲ့လူငယ်တွေကို စောင့်ပြီးဖမ်းတာ အခုအထိ မိဘတွေနဲ့ အဆက်အသွယ်မရသေးတဲ့လူငယ်တွေ ရာဂဏန်းလောက်ရှိတယ် သူတို့ဖမ်းသွားလို့” ဟု အထက်ဖော်ပြပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

NSO ရဲ့ ပြောပြချက်အရ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကနေ ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း စစ်ကောင်စီတပ် ဖမ်းဆီးခံရတဲ့ နာဂလူငယ် တစ်ရာနီးအထိရှိပြီး မိဘတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ အခုလို ခရီးသွားလူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးနေတဲ့အတွက် နာဂလူငယ်တွေ ကျန်းမာရေး၊ပညာရေးနဲ့ စီးပွားရေး စတဲ့ကဏဏ္ဍာစုံမှာ ထိခိုက်နစ်နာမှုတွေများစွာရှိလာနေတယ်လို့ လဟယ်မြို့ခံလူငယ်တစ်ဦးက KNG ကို ပြောပါတယ်။

“လမ်းမှာတားပြီးဖမ်းတော့ သွားလာရခက်ခဲသွားတာပေါ့ ၈ လပိုင်းမှာ အဝေးသင်အပ်ရမှာ ဘယ်သူမှ ကျောင်းသွားမအပ်ဖြစ်ကြဘူး။ ပြီးတော့ ဒီဘက်မှာက မိဘတွေ ဗမာစကားမပြောတတ်ကြတာများတယ် မိဘတွေဖျားနာလို့ နည်းနည်းသိတတ်တဲ့ ကျနော်တို့လူငယ်တွေက မြို့ပေါ်ဆေးရုံကို ခေါ်သွားရ အောင်လည်း ဖမ်းတယ်ဆိုတော့ ဆေးသွားမကုနိုင်တဲ့မိဘတွေလည်း အများကြီးရှိတယ်” လို့ အသက် ၃၀ ကျော်အရွယ် လူငယ်တစ်ဦးက ပြောပါတယ်။

ခန္တီး၊ လဟယ်နဲ့ လေရှီးဒေသတွေမှာတော့ စစ်ကောင်စီတပ်နဲ့ နားလည်မှုယူထားတဲ့ နာဂလက်နက်ကိုင်အဖွဲ့ NSCN-K (ဗိုလ်ချုပ်အန်းမိုင်း) အဖွဲ့က စိုးမိုးထားတာဖြစ်ပြီး ယင်းအဖွဲ့က စစ်ကောင်စီအနေနဲ့ နာဂဒေသမှာ လူငယ်တွေကို မတရားဖမ်းဆီးတာမျိုးမလုပ်ဖို့ NSO က သတိပေးထုတ်ပြန်တာမျိုး ရှိခဲ့ပါတယ်။

လေရှီးမြို့ပေါ်မှာပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းက စစ်ကောင်စီပြဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြိုဆိုကြောင်းကိုပြည်သူ့တစ်ချို့က ထောက်ခံပွဲတွေပြုလုပ်ခဲ့တာရှိပါတယ်။

နာဂ ကျောင်းသားများအဖွဲ့အစည်း (NSO) စစ်ကိုင်းတိုင်း လဟယ်မြို့မှာ အခြေစိုက်ထားပြီး လက်ရှိ နာဂကျောင်းသားအရေးနဲ့ လူငယ်များအရေး တက်ကြွလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

KNG