သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုတွင် လာရောက်တပ်စွဲထားသော စစ်အုပ်စုလက်အောက်ခံတပ်သားတစ်ဦး ထွက်ပြေးသွားသဖြင့် အပူတပြင်း ရှာဖွေမှုများလုပ်ဆောင်နေကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုသို့ စစ်အုပ်စုတပ်သားအင်အား ၅၀ ခန့် လာရောက်တပ်စွဲထားရာမှ ထိုတပ်ဖွဲ့မှ တပ်သားတစ်ဦးသည် ဈေးဝယ်ထွက်မည်ဟုဆိုကာ ထွက်ပြေးသွားသောကြောင့် အနီးနားကျေးရွာများတွင် စစ်အုပ်စုလက်အောက်ခံတပ်ဖွဲ့မှ အပူတပြင်းရှာဖွေနေသည်ဟု သတင်းရင်းမြစ်ထံမှ သိရသည်။
“သူတို့တပ်လာစွဲထားတာ တစ်ပတ်လောက်ရှိပြီ။ ခုထိတပ်စွဲထားတုန်းပဲ။ သူတို့အဖွဲ့ထဲက တစ်ယောက်ထွက်ပြေးသွားလို့ ရွာထဲပတ်ရှာနေတာ။ ရွာထဲကလူတချို့ကိုလည်း စစ်ဆေး မေးမြန်းတာတွေရှိတယ်။ တခြားရွာတွေလည်း သူတို့တွေ လိုက်ရှာနေကြတယ်” ဟု စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။
ထိုသို့ စစ်အုပ်စုလက်အောက်ခံတပ်သားတစ်ဦး ထွက်ပြေးသွားသောကြောင့် အနီးနားတောစပ်နားတွင်လည်း လက်နက်ကြီးများပစ်ခတ်ခြင်း ဒေသခံများကို အသွားလာကန့်သတ်ထားခြင်းများ ပြုလုပ်ထားကြောင်း ၎င်းက ဆက်ပြောသည်။
စစ်အုပ်စုလက်အောက်ခံတပ်များက ကျေးရွာအတွင်း ဝင်ရောက်ရှာဖွေမှုများကြောင့် ဒေသခံများ ကြောက်လန့်နေကြပြီး လူစိမ်းဆိုလျှင် လက်မခံထားရဲတော့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ညအချိန်လည်း စစ်သားတွေက လမ်းကြားထဲမှာ လှည့်ပတ်ကြည့်နေတာ။ လေသံတောင် ကျယ်ကျယ်မပြောရဲဘူး။ သူတို့ကို ကြောက်နေရတာ။ PDF အဖွဲ့ကိုလည်း ကြောက်ရ၊ ဒီစစ်ကော်မရှင်တပ်သားတွေကိုလည်း ကြောက်ရနဲ့ နေရစားရတာ မလုံခြုံတော့ဘူး” ဟု အဆိုပါ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်တွင် စစ်ကော်မရှင်တပ်မှ ရွာငံမြို့ မြောက်ဘက်ကျေးရွာနှင့် တောတောင်ဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေပြီး ဂျက်ဖိုက်တာတစ်စီးဖြင့် လှည့်ပတ်ကြည့်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ရွာငံမြို့နယ်၊ ရနဲကျေးရွာအုပ်စု မင်းပလောင်ကျေးရွာတွင် စစ်အုပ်စုလက်အောက်ခံတပ်နှင့် ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မင်းပလောင်ကျေးရွာကို စစ်ကော်မရှင်တပ်မှ မီးရှိုဖျက်ဆီးခဲ့သည်။
သျှမ်းသံတော်ဆင့်