တနင်္သာရီတိုင်း ရေဖြူမြို့နယ် ရေဖြူ-ကလိန်အောင် လမ်းပိုင်းမှာ နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတာကြောင့် စစ်ဘေးရှောင် ၄၀၀၀ ကျော်အတွက် အရေးပေါ် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့ကစလို့ အာဏာသိမ်းစစ်အုပ်စုတပ်က ရေဖြူ-ကလိန်အောင် လမ်းပိုင်းကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတာပါ။
အဲဒီတိုက်ပွဲတွေကြောင့် ကော့လှိုင်း၊ မရမ်းချော၊ မိုင် ၆၀၊ သာယာမွန်၊ ဘုရားသုံးဆူကျေးရွာတွေအပါအဝင် ကျေးရွာ ၈ ရွာလောက်က ဒေသခံ ၄၀၀၀ ကျော်ဟာ ဘေးလွတ်ရာနေရာတွေကို နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
စစ်ရှောင်ပြည်သူတွေဟာ စစ်ရှောင်ရတာ ရက်ရှည်လာတာကြောင့် အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေပြီး နှစ်ဖက်တိုက်ပွဲတွေကြောင့် လာရောက်ကူညီသူတွေ မရှိဘူးလို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲတွေဟာ သြဂုတ် ၂၅ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေပြီး တစ်ရက်လျှင် အနည်းဆုံး တစ်ကြိမ်ကနေ သုံးကြိမ်လောက်အထိ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် ရေဖြူ-ကလိန်အောင် လမ်းပိုင်းမှာ ခရီးသွားကားတွေ မကြာခဏဆိုသလို ပိတ်မိနေတာတွေရှိနေပြီး တိုက်ပွဲပြီးပါက ပုံမှန်အတိုင်း ပြန်လည်သွားလာမှုတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သံလွင်တိုင်းမ်