နိုင်ငံတဝန်း စစ်ရေးပဋိပက္ခကြောင့် အရပ်သားပြည်သူသေဆုံးမှုမှာ ရခိုင်ပြည်တွင် အများဆုံးဖြစ်ပြီး အရပ်သားပြည်သူများအတွက် အန္တရာယ်အရှိဆုံး ဒေသတစ်ခုဖြစ်နေကြောင်း နိုင်ငံတကာမြန်မာသတင်းအဖွဲ့ (BNI) က ဖော်ပြသည်။
BNI ၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအထိ တနိုင်ငံလုံး အရပ်သားသေဆုံးမှု၏ ထက်ဝက်ကျော် (၅၉) ရာခိုင်နှုန်းသည် ရခိုင်ပြည်၊ ရှမ်းမြောက်ဒေသနှင့် စစ်ကိုင်းတိုင်းတို့တွင် တွေ့ရပြီး သေဆုံးမှုမှာ ရခိုင်ပြည်တွင် ၇၆၀ ဦး၊ ရှမ်းမြောက်တွင် ၅၄၀ ဦးနှင့် စစ်ကိုင်းတိုင်းတွင် ၅၁၂ ဦးရှိကြောင်း သိရသည်။
“ အဲဒီထဲမှာမှ ရခိုင်ပြည်ကတော့ အရပ်သားပြည်သူသေဆုံးမှုအများဆုံး တွေ့ရပြီးတော့ အရပ်သားပြည် သူတွေအတွက်လည်း အန္တရာယ်အရှိဆုံး ပြည်နယ်တစ်ခုအနေနဲ့ ကျနော်တို့ တွေ့ရှိရပါတယ်။ သေဆုံးမှု အားလုံးရဲ့ လေးပုံတစ်ပုံအထိ ရှိတယ်” ဟု BNI-Myanmar Peace Monitor တာဝန်ခံ ကိုနှင်းကိုက ယနေ့ ဩဂုတ် ၂၆ ရက်တွင်ပြုလုပ်သည့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – ရည်ညွှန်းအကိုးအကား စာအုပ်မိတ်ဆက်ပွဲတွင် ရှင်းပြခဲ့သည်။
တစ်ဖက်တွင် နိုင်ငံတဝန်း စစ်ရှုံးစစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုကို အဓိကထားပြုလုပ်လာနေပြီး အာဏာသိမ်းကာလအတွင်းလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၂၄၀၈ ခု အထိရှိခဲ့ပြီး အကြိမ်ရေအားဖြင့် ယခုထက်ပိုများနိုင်ကြောင်း BNI က ဆိုသည်။
တဆက်တည်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်ပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်များရှိနေပြီး ၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၅ ခုနှစ် ဧပြီလအထိ တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်စဉ် ၁၁၇ ခုထိကာ အရပ်သားသေဆုံးသူ ၁၂၃၅ ဦးထိရှိခဲ့ကြောင်း BNI ၏ အချက်အလက်များအရ သိရသည်။
တိုင်းနှင့် ပြည်နယ်အလိုက် လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်စဉ်များအနက် ရခိုင်ပြည်တွင် အများဆုံးဖြစ်ပြီး ၂၉ ခုအထိ ရှိခဲ့သည်။
ဒုတိယအများဆုံးမှာ စစ်ကိုင်းတိုင်းဖြစ်ပြီး ၂၆ ခုအထိရှိကာ တတိယအများဆုံးမှာ ရှမ်းမြောက်နယ်တွင် ဖြစ်ပြီး ၂၀ ခုထိ ရှိခဲ့သည်။
ယမန်နေ့ ဩဂုတ် (၂၅) ရက်၊ ည (၁၁) နာရီခွဲခန့်တွင် ရခိုင်ပြည်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံး (၂) လုံး ကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ် ၅ ဦးအပါအဝင် အရပ်သား ၁၂ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိသွားခဲ့သည်။
“ ဒီကနေ့အချိန်မှာ စစ်ကောင်စီလုပ်နိုင်တာက ဗုံးကြဲပြီး ပြည်သူတွေကို သတ်ဖြတ်ဖို့ပဲ ရှိတယ်။ နိုင်ငံတကာက တားမြစ်ချက်ဥပဒေတွေ ဘာတွေကို သူခေါင်းထဲ မထည့်တော့ဘူး။ အခုရွေးကောက်ပွဲလုပ်ဖို့ မရမက ကြိုးပမ်းနေတယ်။ ဒီအခြေအနေ သူက မြို့နယ် ၆၀ ကျော်ကို စစ်အုပ်ချုပ်ရေးကြေညာထားတော့ ဒီဒေသတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းမှုနဲ့အတူ ဖျက်ဆီးမှုတွေလည်း လုပ်ဖို့မြင်ရတယ်။ ဒါကြောင့် ပြည်သူတွေ အထူးသတိထားဖို့ လိုတယ်။ စစ်တပ်က ကမ်းကုန်အောင်မိုက်ရူးလာနိုင်တယ်” ဟု ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။
တိုက်ပွဲတစ်နှစ်ကျော်ကာလအတွင်း အာရက္ခတပ်တော်သည် ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်မြို့နယ် ၁၄ ခုထိ သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးယန္တရားများကို လည်ပတ်လျက်ရှိသည်။
AA ထိန်းချုပ်မြို့နယ်များကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ မကြခဏ ပြုလုပ်နေ၍ အရပ်သားထိခိုက်သေဆုံးမှုနှုန်းမြင့်တက်နေပြီး ဒေသခံများမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံနေကြရသည်။
DMG