ရှမ်းရှေ့ မိုင်းယောင်းမြို့နယ်တွင် လေးနှစ်အတွင်း မြေရှားသတ္တုတွင်း (၁၈) ခုအထိ တိုးလာ

By MPM 27 ဩဂုတ်, 2025 👁

မိုင်းလားတပ်ဖွဲ့ ဒီမိုကရေစီမဟာမိတ်တပ်တော် (NDAA) ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်မှာ လေးနှစ်အတွင်း မြေရှားသတ္တုတွင်း (၁၈) ခုအထိ တိုးများလာကြောင်း မကြာသေးမီသြဂုတ် (၂၅) ရက်နေ့က ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးစ ၂၀၂၁ခုနှစ်မှာ မြေရှားသတ္တုတွင်း တစ်ခုသာရှိနေပြီး ယခု ၂၀၂၅ ခုနှစ်မေလအထိ ဂြိုလ်တုကနေမြင်တွေ့မှုအရ (၁၈) ခု ထပ်မံတိုးလာပြီး စုစုပေါင်း (၁၉) တွင်း ရှိနေပြီဖြစ်တယ်လို့ SHRF က ဓာတ်ပုံများနှင့်အတူ ဖော်ပြထားတာပါ။

ဒီထဲမှာ (၃) ခုက တည်ဆောက်နေဆဲဖြစ်ပြီး ကျန်တဲ့ (၁၆) ခုက မြေရှားထုတ်ယူမှုလုပ်ငန်းစဉ်တွေကို လည်ပတ်လုပ်ဆောင်နေကြောင်း ဆိုထားပါတယ်။

အဆိုပါသတ္တုတွင်းအများစုဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၄) ထောင်ကနေ (၅) ထောင်ကြားရှိတဲ့ တရုတ််နိုင်ငံနယ်စပ် (၄)  ကီလိုမီတာခန့်က တောင်တန်းတွေအပေါ်မှာရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

ဓာတုဆေးရည်များထည့်သွင်းပါဝင်ထားတဲ့ ဒီတွင်းတွေထဲကရေတွေဟာ နပ်ချောင်းမှတစ်ဆင့် လွေမြစ်ကို စီးဝင်တယ်လို့လည်းသိရပြီး အဆိုပါသတ္တုတွင်းတွေဟာ မဲခေါင်မြစ်နဲ့လည်း ကီလို (၄၀) ခန့်သာကွာဝေးကြောင်း ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

ဒါတင်မက မြေရှားအပြင် သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေသော အခြားသတ္တုတူးဖော်မှုတွေလည်း လွေမြစ်တစ်လျှောက်မှာရှိနေကြောင်း ဆိုပါတယ်။

အလားတူ ‘ဝ’ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ဒေသဖြစ်တဲ့ ယခုရှမ်းရှေ့ မိုင်းယန်းမြို့နယ် မိုင်းပေါက်ဒေသမှာလည်း ၂၀၁၅ ကနေ ၂၀၂၅ ခုနှစ်အထိ မြေရှားသတ္တု (၂၆) တွင်း ရှိလာနေပါတယ်။

မြေရှားသတ္တုတူးဖော်တဲ့ပုံစံမှာ တောတောင်များရှိ သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းကာ အပေါက်ဖောက်လုပ်၍ ဓာတုဆေးရည်များလောင်းထည့်ရတာကြောင့် သစ်တောများမရှင်သန်နိုင်ပဲ သဘာဝပတ်ဝန်းကျင်ပျက်စီးတာအပြင် ဆေးရည်တွေကမြစ်ထဲ (သို့) ချောင်းမြောင်းများသို့ စီးဝင်ကာ ဒေသခံများနဲ့ ရေနေသတ္တဝါများ အဆိပ်သင့်ကြပါတယ်။

၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ရှားပါးမြေတင်ပို့မှုမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံကျော်ရှိပြီး အဲ့ထဲက ၈၅ ရာခိုင်နှုန်းဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း တင်ပို့မှုတွေဖြစ်ပါတယ်။

ရှမ်းနီအသံ