ဖားကန့်မှာ စစ်ကောင်စီရဲ့ ဒရုန်း ၅ စီးနဲ့ ကားတစ်စီးကို KIA ပူးပေါင်းတပ်တွေသိမ်းပိုက်

By MPM 26 ဩဂုတ်, 2025 👁

ဖားကန့်မြို့နယ် နမ္မဖြစ်ရွာနားမှာ အိမ်စီးကားနဲ့ စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီပူးပေါင်းတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ကားတစ်စီးနဲ့အတူ ဒရုန်း ၅ စီးကိုပါ သိမ်းပိုက်လိုက်နိုင်တယ်လို့သိရပါတယ်။

ဖြစ်စဥ်ကတော့ ဩဂုတ်လ ၂၃ ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီးတိုက်ခိုက်ရေးဒရုန်း ၄ စီးနဲ့ ကင်းထောက်ဒရုန်းတစ်စီးကိုသိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“ဖားကန့်မြို့ပေါ်မှာ စစ်ကောင်စီက အိမ်စီးကားတွေနဲ့လှုပ်ရှားနေတဲ့အချိန် ကြားဖြတ်တိုက်ခိုက်တဲ့အခါ ဖားကန့်နဲ့လုံးခင်းကြား နမ္မဖြစ်နားမှာပါ။ တိုက်ခိုက်ရေးဒရုန်းနဲ့ ကင်းထောက်ဒရုန်းတစ်စီးလို့ ပြောတယ်။ ပါကင်ပိတ်တွေလည်းဖြစ်တော့ ဘာအမျိုးအစားတွေလဲတော့ မသိဘူး” လို့ ပြောပါတယ်။

အဲ့ဒီညနေပိုင်းမှာတော့ စစ်ကောင်စီက မှော်စီဆာကျေးရွာ သစ်ဆန်းကားဝပ်ရှော့က အရပ်သား အမျိုးသား ၅ ယောက်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

တစ်ဖက်မှာ အဲ့ဒီလို စစ်ကောင်စီတပ်တွေ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်းကစလို့ ဩဂုတ်လ ၂၄ ရက်နေ့မှာလည်း ဖားကန့် – လုံးခင်းသွားလမ်းတစ်ဝှိုက် စစ်ကောင်စီတပ်က ဒေသခံတွေရဲ့ကားတွေကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့မှာတော့ အင်အား၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာ မှောစီဆာကျေးရွာကနေ ဖားကန့်မြို့ထဲ စစ်ကြောင်းပတ်ထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက “ မှော်စီဆာတောင်ပေါ်ကျောင်းမှာ တပ်စွဲထားတဲ့ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီအုပ်စုတွေက ဖားကန့်ကို ခြေလျင်စစ်ကြောင်းထိုးတယ်။ တစ်လမ်းလုံးဟိုပစ် ဒီပစ်ပစ်သွားတာတွေရှိတယ်။ ဖားကန့်မြို့အဝင် ပန်းတင်တံတားပေါ်မှာ ထိခိုက်ဒဏ်ရာရတာ၊ အရပ်သားသေဆုံးတာတွေလည်း ရှိတယ်” လို့ ဒီကနေ့ စစ်ရေးအခြေနေနဲ့ပတ်သက်လို့ ပြောပြပါတယ်။

ဒီကနေ့ပစ်ခတ်မှုကြောင့် ဖားကန့်မြို့အဝင် ပန်းတင်တံတားမှာ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပြီး နောက်ထပ်အမျိုးသားသုံးဦးက ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပေမဲ့ အခြေနေအသေးစိတ်ကို KNG က စုံစမ်းနေဆဲဖြစ်ပါတယ်။

တစ်ဖက်မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီကလည်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေပြီးတော့ အရပ်သားသေဆုံးဒဏ်ရာရတာတွေ ဆက်တိုက်ဖြစ်လာပြီး ဖားကန့်မြို့မြောက်ဘက်ခြမ်းက အမှိုက်ပုံကျေးရွာတစ်ဝှိုက်မှာလည်း နှစ်ဖက်တပ်တွေအကြား စစ်ရေးတင်းမာနေကြပါတယ်။

ဒါ့ကြောင့် ဖားကန့်မြို့နယ်ထဲ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေပူးပေါင်းတပ်တွေအကြား နှစ်ဖက်စစ်ရေးတင်းမာနေတဲ့အပြင် ထိတွေ့တိုက်ပွဲတွေလည်း ခပ်စိပ်စိပ်ဖြစ်လာတဲ့အတွက် အသွားအလာဂရုစိုက်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်ဟာ မြန်မာနိုင်ငံတစ်ဝှမ်းမှာ သူတို့လက်လွှတ်ထားရတဲ့မြို့တွေကို ပြန်လည်ရယူဖို့ အရှိန်အဟုန်မြင့်ကြိုးစားလာနေပြီး ကချင်ပြည်နယ်မှာလည်း ဖားကန့်၊ ဝိုင်းမော်နဲ့ ဗန်းမော်မြို့တွေမှာ တိုက်ပွဲပြင်းထန်နေပါတယ်။

KNG