ရခိုင်တစ်ပြည်လုံးက အကူအညီလိုအပ်နေသူများကို စစ်ကောင်စီက လူသားချင်းဆိုင်ရာစာနာထောက်ထားမှု အကူအညီများ ပိတ်ပင်ထားကြောင်း ကုလသမဂ္ဂက ပြောဆိုလိုက်သည်။
ဩဂုတ်လ ၁၃ ရက်ထုတ် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ၏ တစ်နှစ်စာ အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။
စစ်ကောင်စီသည် စစ်တွေမြို့ကို အဝင်/အထွက်များ ကန့်သတ်တင်းကျပ်ထားပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့် အခြေခံလိုအပ်သောပစ္စည်းများ ပို့ဆောင်ခြင်းကိုလည်း ပိတ်ဆို့ထားကြောင်း IIMM က ဆိုသည်။
ယင်းအပြင် အာရက္ခတပ်တော်၏ ထိန်းချုပ်မှုအောက် မြို့နယ်များရှိ ဒေသခံများနှင့် သူတို့၏ ပိုင်ဆိုင်မှုများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သဖြင့် ဒေသခံများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
AA ထိန်းချုပ်ဒေသက ဒေသခံများအပေါ် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် ပို့ဆောင်ရေးတို့ကိုလည်း ပိတ်ဆို့ထားခြင်းဖြစ်သည်။
နိုင်ငံတကာ၏ လူသားချင်းဆိုင်ရာ အကူအညီများကို ပိတ်ဆို့ထားခြင်းသည် ရခိုင်ပြည်တွင်း ငတ်မွတ်ခေါင်းပါးမှု မြင့်တက်စေသဖြင့် လွတ်လပ်စွာ ကူညီခွင့်ပေးရန် ခွင့်ပြုပေးသင့်ကြောင်း ရခိုင်လူမှုကူညီရေးအဖွဲ့များက ပြောသည်။
လူမှုကူညီရေးလုပ်နေသူ သံတွဲဒေသခံ အမျိုးသားတစ်ဦးက “ နိုင်ငံတကာရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ပိတ်ဆို့ထားတာက ရခိုင်ပြည်မှာရှိတဲ့ စစ်ဘေးရှောင်တွေနဲ့ အခြေခံလူတန်းစားတွေကို ငတ်မွတ်ခေါင်းပါးမှုဖြစ်စေတာ အမှန်ပဲ။ စစ်ရေးပဋိပက္ခကြားမှာ ပြည်သူတွေဟာ အလုပ်အကိုင်ရှားပါးမှုဒဏ်ကို ခံနေရတာကြောင့် စစ်ကောင်စီဖြစ်ဖြစ် AA ပဲဖြစ်ဖြစ် နိုင်ငံတကာအကူအညီတွေကို လမ်းဖွင့်ပေးဖို့ လိုအပ်တယ်” ဟု ပြောသည်။
ရခိုင်မြို့သိမ်းတိုက်ပွဲများကြောင့် လက်ရှိ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေ ၆ သိန်းကျော်ရှိကြောင်း ULA/AA ၏ HDCO စာရင်းများအရ သိရသည်။
စစ်ကောင်စီသည် ရခိုင်ပြည်နှင့် ဆက်သွယ်နေသည့် ပြည်မလမ်းများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက ပိတ်ဆို့ထားခြင်းဖြစ်ပြီး ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် (WFP) ၏ စားနပ်ရိက္ခာထောက်ပံ့မှုများကိုလည်း မတ်လ ကစပြီး ရပ်တန့်ခဲ့ရသည်။
နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှု မရရှိသည်မှာ လနှင့်ချီပြီး ကြာမြင့်နေပြီးဖြစ်သည့်အတွက် စစ်ဘေးရှောင်များမှာ တော၊ တောင်များကို မှီခိုပြီး ရှာဖွေစားသောက်နေကြရသည်ဟု ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းတောင်စစ်ဘေးရှောင်စခန်းက ဒေါ်အေးအေးသိန်းက ပြောသည်။
“ နိုင်ငံတကာ အဖွဲ့အစည်းတွေဆီကနေ စားနပ်ရိက္ခာ ထောက်ပံ့မှုမရတာ နှစ်နဲ့ချီ ရှိတော့မယ်။ အရင်တုန်းက စားနပ်ရိက္ခာထောက်ပံ့မှုတွေရှိတော့ အနည်းငယ် ခံသာကြတယ်။ အခုစားနပ်ရိက္ခာလည်း မရကြတော့ တောတောင်တွေကို မှီခိုပြီး ရှာဖွေစားသောက်နေကြရတယ်။ စားဝတ်နေရေး ကျပ်တည်းမှုကတော့ အခက်ခဲဆုံး အခြေအနေပေါ့” ဟု ၎င်းကဆိုသည်။
ရခိုင်မှာ မြို့သိမ်းတိုက်ပွဲများ စတင်ပြီးနောက် ဒေသခံများမှာ ဘေးလွတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရခြင်းဖြစ်ပြီး စားဝတ်နေရေး ငတ်မွတ်မှုဒဏ်ကို အဆိုးရွာဆုံး ရင်ဆိုင်နေကြရခြင်းဖြစ်သည်။
လက်ရှိဖြစ်ပွားနေသော စစ်ရေးပဋိပက္ခ အကျိုးဆက်ကြောင့် ရခိုင်အလယ်ပိုင်းတွင် အခြေခံစားနပ်ရိက္ခာ ဖူလုံမှုမရှိသည့် မိသားစု ၅၇ ရာခိုင်နှုန်းအထိရှိလာကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း ဩဂုတ် ၁၂ တွင် ထုတ်ပြန်သည်။
လက်ရှိတွင် ရခိုင်ပြည်ရှိ စစ်ရှောင်ဒုက္ခသည်များနှင့် အခြေခံလူတန်းစားများမှ စားဝတ်နေရေး ဆိုးဝါးစွာ ကျပ်တည်းလာ၍ အချို့မှာ ထမင်းနပ်မမှန်မှုများ ကြုံနေရပြီး၊ အချို့မှာ အလှူခံကာ ဝမ်းရေးဖြေရှင်းနေရသူများ ပိုမိုများပြားလာနေသည်။
DMG