တိုက်ပွဲများ မကြာခဏရှိနေသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်သို့ စစ်ကောင်စီသည် ပုသိမ် နတခ ဌာနချုပ်ကနေ ရေကြောင်းမှတစ်ဆင့် လူ၊ လက်နက်၊ တင့်ကားများပါ အင်အားဖြည့်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) နှင့် ပုသိမ်ရေတပ် စခန်းဌာနချုပ် အမှတ်- ၂၆ စစ်ရေယာဉ်အုပ်စုက စစ်သင်္ဘော ၃ စင်းမှာ တင့်ကားများနှင့် စစ်လက်နက်များ တင်ဆောင်ပြီး ပုသိမ်မြစ် (င/ဝန် မြစ်) အတိုင်း လေးမျက်နှာမြို့သို့ ရောက်လာခြင်းဖြစ်သည်။
“ တစ်စင်းကတော့ အိုင်သပြုမှာ ကမ်းကပ်ထားပြီး အဲဒီရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ ပူးပေါင်းနေတယ်။ နောက်နှစ်စင်းက လေးမျက်နှာမြို့မှာ ကမ်းကပ်ထားတယ်။ ဒီသင်္ဘောတွေမှာ တင့်ကားတွေပါတာ တွေ့တယ်။ တိုက်ပွဲက ပိုပြီးပြင်းထန်လာမယ့် သဘောမှာရှိတယ်” ဟု လေးမျက်နှာမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို စစ်သင်္ဘောများမှာ လေးမျက်နှာမြို့နယ်ကို ဇူလိုင်လ ၁၅ ရက်ကတည်းက ရောက်နေကြခြင်းဖြစ်သည်။
ယခု တင်ဆောင်လာသည့် တင့်ကားများသည် ကြည်း၊ ရေစစ်ဆင်ရေးများတွင် အလွယ်တကူအသုံးပြုနိုင်သည့် တင့်ကားများဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
လေးမျက်နှာမြို့နယ်တွင် AA နှင့် တော်လှန်ရေးအင်အားစုများက ပုသိမ်- မုံရွာလမ်းပိုင်းရှိ ကျေးရွာအများစုကို ထိန်းချုပ်ထားပြီး စစ်ကောင်စီသည် လေးမျက်နှာမြို့နှင့် ပုသိမ်-မုံရွာ လမ်းပိုင်းကြားက ကျေးရွာအချို့တွင် တပ်စွဲနေထိုင်ကြောင်း ဒေသခံများက ပြောသည်။
ယင်းအပြင် ဧရာဝတီတိုင်းတွင် ရေကြည်အခြေစိုက် အမှတ် ၃၄၄ အမြောက်တပ်ရင်းကိုလည်း ကျုံပျော်နှင့် ဓနုဖြူ အခြေစိုက်တပ်ရင်းများက ထုတ်နုတ်အင်အား ၂၀၀ ကျော်ကို ဇူလိုင်လ အစောပိုင်းက အင်အားဖြည့်ထားကြောင်း သိရသည်။
“ ဧရာဝတီမှာ စစ်ကောင်စီက အခုမှ အင်အားဖြည့်တင်းနေတာမျိုး မဟုတ်ဘူး။ အခုလည်း လေးမျက်နှာဖက်ကို ထပ်ပြီး အင်အားတွေ ဖြည့်တင်းမှုတွေ ပြုလုပ်နေတော့ ရခိုင်နယ်စပ်ကို ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလာတာဖြစ်တယ်” ဟု ဧရာဝတီက စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။
လေးမျက်နှာမြို့နယ်တွင် မေလကတည်းက စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲဖြစ်ပွားနေကြခြင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုများဖက်က သဲနုကုန်နယ်မြေရဲစခန်း၊ ပန်တော်ကြီးကျေးရွာများအပါဝင် ကျေးရွာပေါင်း ၅ ရွာထက်မနည်းကို သိမ်းပိုက်ထားသည်။
ဧရာဝတီတိုင်း လေးမျက်နှာ၊ ရေကြည်၊ အင်္ဂပူ၊ ပုသိမ်နှင့် သာပေါင်းမြို့နယ်တို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား စစ်ရေးပြင်းထန်နေနေပြီး စစ်ကောင်စီ၏ တပ်စခန်း ၁၀ ခု ထက်မနည်းကို AA နှင့် တော်လှန်ရေးတပ်များက သိမ်းပိုက်ထားသည်။
Development Media Group (DMG)