မင်းဘူးခရိုင်အတွင်း စစ်ကောင်စီက စစ်မှုထမ်းအတွက် လူငယ်တွေကို ဖမ်းဆီးနေ

By MPM 11 ဇူလိုင်, 2025 👁 7

မကွေးတိုင်း မင်းဘူးခရိုင်အတွင်း စစ်ကောင်စီက စစ်မှုထမ်းအတွက်ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများက သံလွင်တိုင်းမ်ကို ပြောသည်။

မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး၊ စကု၊ ပွင့်ဖြူနှင့် စလင်းမြို့များတွင် လမ်းသွားလမ်းလာများကို စစ်ကောင်စီက ပေါ်တာဆွဲမှုများ ပြုလုပ်လာခြင်းဖြစ်သည်။

“မင်းဘူးမြို့ကြီးမှာတောင် စစ်တပ်အရာရှိတွေနေတဲ့ အိမ်ရာတွေဘေးက ရပ်ကွက်ကို ညနေ နေဝင်ခါစမှာ အိမ်တွေထဲအထိ ဝင်ဆွဲတာတွေလုပ်ဆောင်နေပါတယ်။ တော်တော်များများလည်း ပါသွားတယ်” ဟု မင်းဘူးဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောသည်။

မင်းဘူးမြို့ မကျီးချောင်းရပ်ကွက်မှ လူငယ် ၁၀ ဦးထက်မနည်းကို ဇူလိုင် ၈ ရက် ညပိုင်းတွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မည်သည့်တပ်က ဖမ်းဆီးခဲ့သည်နှင့် မည်သည့်နေရာကို ဖမ်းခေါ်သွားကြောင်း အတိအကျမသိရသေးဘဲ လူငယ်လူရွယ်များ အသွားအလာနည်းသွားသည်ဟုဆိုသည်။

ထို့ပြင် ဇူလိုင် ၉ ရက်တွင် စကုမြို့အဝင်၊ ပွင့်ဖြူမြို့နယ် ရွှေဘိုရွာသစ်၊ စလင်းမြို့နယ် လက်မဲကန်တစ်ဝိုက်၌ ပွင့်ဖြူမြို့နယ်မှ ပျူစောထီးများနှင့် ယာဉ်ထိန်းရဲတို့သည် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်အကြောင်းပြ ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၈ ရက်တွင်လည်း ပွင့်ဖြူမြို့နယ် ရွှေဘိုရွာသစ်ကျေးရွာသား ၂ ဦးကို စစ်မှုထမ်းအတွက် ငွေကြေးမထည့်နိုင်သည့်အတွက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ်