စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် လင်းတလူးကျေးရွာရှိ စစ်ရှောင်အများစုနေထိုင်သည့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ ၃၀ ဦးထက်မနည်းသေဆုံးကာ ၂၀ ခန့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ (ဇူလိုင် ၁၁ ရက်) နံနက် ၁ နာရီအချိန်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ပေါက်ကွဲအားပြင်းထန်သည့် ဗုံးနှစ်လုံးကြဲချခဲ့ကြောင်း သိရသည်။
“လက်ရှိအချိန်ထိ သေဆုံးရုပ်အလောင်း ၃၀ အထိ ကောက်ယူရရှိထားတယ်။ ဒဏ်ရာအပြင်းအထန်ရသူတွေလည်း တော်တော်များပါတယ်။ လေယာဉ်ကလည်း မကြာခဏ ပျံဝဲနေတာတွေရှိတယ်” ဟု ဒေသခံများထံမှ သိရသည်။
ထို့အပြင် စစ်ကိုင်းမြို့နယ် အုန်းတော (၆၀၀၅) အမြောက်တပ်မှ ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် အလောင်းကောက်ယူရာတွင် ကလေးငယ်နှင့် ကျား၊ မ အရေအတွက် အတိအကျ ခွဲခြားနိုင်ခြင်းမရှိသေးကြောင်း စစ်ကိုင်း ဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်တဦးထံက သိရသည်။
“ အုန်းတောကနေ စားတောင်တိုက်နယ်ဘက်ကို စစ်ကြောင်းထိုးနေတာ ၁၇ ရက်လောက်ရှိပါပြီ။ ကာကွယ်ရေးတပ်တွေနဲ့လည်း ပစ်ခတ်မှုတွေရှိပါတယ်။ ဒါကြောင့် ဒေသခံတွေက စစ်ရှောင်နေရတာ ဖြစ်ပါတယ်။ အခုက ဒေသခံအများစု စစ်ရှောင်နေတဲ့ ဘုန်းကြီးကျောင်းကို ကြဲခံလိုက်ရတာဖြစ်တယ်” ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်က စစ်ကိုင်းမြို့နယ် အနောက်ခြမ်း စားတောင်တိုက်နယ်နှင့် အရှေ့ခြမ်း မင်းကွန်းတိုက်နယ်များကို အင်အားသုံး စစ်ကြောင်းထိုးနေခြင်းကြောင့် ကျေးရွာ ၂၀ ခန့်မှ ဒေသခံများ ထွက်ပြေးစစ်ရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။
မဇ္စျိမ