8 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းနိုင်ငံ့ငြိမ်းချမ်းရေးအတွက် အာဏာဆုပ်ကိုင်ရေး၊ အဓမ္မအုပ်ချုပ်ရေးနည်းလမ်းဖြင့် လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း ကေအဲန်ယူ ဥက္ကဌ ပြော

နိုင်ငံ့ငြိမ်းချမ်းရေးအတွက် အာဏာဆုပ်ကိုင်ရေး၊ အဓမ္မအုပ်ချုပ်ရေးနည်းလမ်းဖြင့် လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း ကေအဲန်ယူ ဥက္ကဌ ပြော

အာဏာဆုပ်ကိုင်ရေးနှင့် အတင်းအဓမ္မအုပ်ချုပ်ရေးနည်းလမ်းသည် နိုင်ငံ့ငြိမ်းချမ်းရေးကို လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ ဥက္ကဌပဒိုကွယ်ထူးဝင်းက ဇူလိုင် ၅ ရက်နေ့တွင်ကျရောက်သည့် ၇၆ နှစ်မြောက် ကရင်အမျိုးသားတပ်မတော်နေ့ သဝဏ်လွှာ၌ ပြောဆိုထားသည်။

လက်ရှိ စစ်အာဏာရှင်အုပ်စုက အတင်းအဓမ္မ လုယူထားသည့် အာဏာကို တည်မြဲရန်နှင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကို ထောက်ခံအားပေးရန်အတွက် လူမျိုးရေးနှင့် ဘာသာရေးကိုလည်း အသုံးချနေသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း အကာအကွယ်ပေးနိုင်သည့် ခံတပ်အဖြစ် စွဲကိုင်ထားကြောင်း ဥက္ကဌက ထောက်ပြထားသည်။

ထို့အပြင် နိုင်ငံတကာ အသိမှတ်ပြုမှုကိုလည်း သံတမန်ရေးနှင့် နိုင်ငံရေးနည်းလမ်းများကို စစ်ကောင်စီက ချမှတ်အကောင်အထည်ဖော်ပြီး ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ ရွေးကောက်ပွဲပြုလုပ်နိုင်သည့် နည်းလမ်းများကို ကြိုးပမ်းနေသည်ဟုလည်း ကေအဲန်ယူ ဥက္ကဌ၏ သဝဏ်လွှာ၌ ထောက်ပြထားသည်။

ထို့ကြောင့် တရားမျှတမှု၊ နိုင်ငံ၏ ငြိမ်းချမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ပြန်လည်တည်ဆောက်ရန်အတွက် စစ်အာဏာရှင်ကို ခုခံတော်လှန်နေသည့် လူမျိုးစု တော်လှန်ရေးအဖွဲ့များ၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် လူထုအခြေပြု အဖွဲ့အစည်းများအားလုံး လက်တွဲပြီး စစ်အာဏာရှင်စနစ်ကို အတူတကွ ပူးပေါင်းတိုက်ခိုက်သွားရမည်ဖြစ်သည်ဟု ကေအဲန်ယူ ဥက္ကဌက တိုက်တွန်းထားသည်။

ထို့အပြင် နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ အတတ်ပညာပြည့်မှီသည့် “ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်” ၏ စကားလုံးနှင့် ကိုက်ညီရန်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ခေါင်းဆောင်များနှင့် ရဲဘော်ရဲဘက်များအားလုံး တာဝန်ဖြစ်ပြီး စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်များကို တော်လှန်နေသည့် အစုအဖွဲ့အားလုံးနှင့်လည်း စစ်ဘက်ဆိုင်ရာ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ကြောင်း သဝဏ်လွှာထဲတွင် နှိုးဆော်ထားသေးသည်။

ကရင့်တော်လှန်ရေး ၇၆ နှစ်အတွင်း ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံရေးဦးဆောင်မှုအောက်တွင် ကရင်အမျိုးသားတပ်မတော် တပ်ဗိုလ်၊ တပ်မှူး မျိုးချစ်စစ်သည်တော်များရဲ့ အသက်၊ သွေး၊ ချွေး၊ ကိုယ်ခန္ဓာ စွန့်လွှတ် တိုက်ပွဲဝင်ပေးဆပ်မှုကြောင့်သာ ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံးသည် ယနေ့အချိန်ထိ ဆက်လက်ရပ်တည်နိုင်ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံရေးရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်ရေးဌာနလက်အောက်တွင် လုံခြုံရေးနှင့် စစ်ဘက်ဆိုင်ရာဆောင်ရွက်ရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နှင့် ကရင်အမျိုးသားကွယ်ရေးတပ်ဖွဲ့ – KNDO နှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့တို့ကို ထားရှိထားသည်။

၁၉၅၆ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ကရင့်တော်လှန်ရေး၊ စစ်ရေးလမ်းစဉ်နှင့်အတူ ကရင်လက်နက်ကိုင်တပ်မတော် ဖွဲ့စည်းတည်ဆောက်ပုံ၊ တပ်မတော် ဖွဲ့စည်ပုံများကို ရေးဆွဲချမှတ်၍ ကရင့်တော်လှန်ရေး၊ စစ်ရေးလမ်းစဉ်နှင့် ကရင့်လွတ်မြောက်ရေးတပ်မတော် ယခင် KPLA၊ KPGF နှင့် KNDO စသည့် ကရင့် လက်နက်ကိုင် ၃ ဖွဲ့ကို စုပေါင်းပြီးလက်ရှိ KNLA ဖွဲ့စည်းပုံကို အတည်ပြုသည့်နေကို ကော်သူးလေတပ်မတော်နေ့အဖြစ် သတ်မှတ်လိုက်ခြင်းလည်းဖြစ်သည်။

ကေအိုင်စီ