တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာကို ယနေ့ (ဇူလိုင် ၁ ရက်) တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့၍ ဒေသခံ အမျိုးသားသုံးဦးသေဆုံးကာ တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။
စစ်ကောင်စီသည် ဇူလိုင်လ ၁ ရက် ညနေ ၃ နာရီဝန်းကျင်တွင် လေကြောင်းမှ လေးကြိမ် ဗုံး ၁၁ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး နေအိမ်နှစ်လုံးနှင့် ဘုန်းကြီးကျောင်းနှစ်ကျောင်းလည်း ထိမှန်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်ကောင်စီသည် ယခုသီတင်းပတ်အတွင်းတွင် TNLA ထိန်းချုပ်ရာ မြို့များကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။
ဇွန်လ ၂၉ ရက်တွင် ကျောက်မဲမြို့ကို လေကြောင်းမှ ဗုံးကြဲခဲ့ပြီး အမျိုးသမီးနှစ်ဦး၊ အမျိုးသားတဦး ဒဏ်ရာရကာ နေအိမ် ၁၄ လုံး၊ စာသင်ကျောင်းတကျောင်းနှင့် ဘုန်းကြီးကျောင်းနှစ်ကျောင်း ထိမှန်ပျက်စီးခဲ့သည်။
ဇွန်လ ၂၆ ရက်၊ ကျောက်မဲမြို့ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ဒေါ်မိုးစုနောင် (အသက် ၄၉ နှစ်) သေဆုံးကာ အသက် ၁၇ နှစ်အရွယ် ကိုဇော်ထူးလင်းနှင့် အသက် ၁၉ နှစ်အရွယ် ကိုဖြိုးသန်းကျော်တို့ ထိခိုက်ဒဏ်ရာရကာ နေအိမ်နှစ်လုံးလည်း ထိခိုက်ပျက်ဆီးခဲ့သည်။
ထို့အပြင် ကျောက်မဲမြို့ကို ဇွန်လ ၂၄ ၌ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် လုပ်ဆောင်ခဲ့ပြီး အမျိုးသမီးသုံးဦး အမျိုးသားနှစ်ဦး သေဆုံးကာ ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံ ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို စာသင်ကျောင်းနှစ်ကြောင်းနှင့် နေအိမ် ၄၉ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA က ဇွန် ၂၅ တွင် ထုတ်ပြန်သည်။
ဇွန် ၂၅ ရက်နေ့တွင် TNLA ထိန်းချုပ်ရာ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ အုန်းကိုင်းရွာကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သဖြင့် ကလေးအပါအဝင် ဒေသခံ နှစ်ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်ငါးလုံးနှင့် ဘုန်းကြီးကျောင်းတကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တပတ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် TNLA ထိန်းချုပ်ရာ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်မြို့တို့တွင် ဒေသခံ ၈ ဦးသေဆုံးကာ ၂၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် ပြည်သူများအနေဖြင့် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA က သတိပေးထားသည်။
တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) သည် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၁) နှင့် (၂) တွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ သီပေါမြို့နယ်နှင့် မန္တလေးတိုင်းမှ မိုးကုတ်မြို့နယ်တို့ကို သိမ်းပိုက်ကာ အုပ်ချုပ်ရေး လည်ပတ်ဆောင်ရွက်လျက်ရှိသည်။
မဇ္ဈိမ