လောင်းလုံးတွင် စစ်ကောင်စီစစ်ကြောင်းက ဒေသခံအမျိုးသားနှစ်ဦးကို သတ်ဖြတ်သွား

By MPM 29 ဇွန်, 2025 👁

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဒေသခံအမျိုးသားနှစ်ဦးကို ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ပြီးနောက် လည်လှီးသတ်ဖြတ်သွားသည်ဟု ၎င်းတို့မိသားစုနှင့်နီးစပ်သူတို့က ပြောသည်။

အင်အား ၂၀၀ ဝန်းကျင်ပါရှိသော စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် ဇွန် ၁၃ ရက်နေ့ကစ၍ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများကို ရွာစဉ်လှည့်ပြီး စစ်ကြောင်းထိုးခဲ့နေသည်ဟု ဆိုသည်။

ထိုစစ်ကောင်စီစစ်ကြောင်းသည် သဗျာကျေးရွာနေ အသက် ၅၀ ကျော်အရွယ် ဦးလှဝင်းနှင့် ကညုံကျွန်းကျေးရွာနေ ဦးမျိုးဇော်အောင်တို့ကို ဖမ်းဆီးပြီးနောက် လည်လှီးသတ်ဖြတ်သွားကြောင်း ၎င်းတို့မိသားစုနှင့် နီးစပ်သူတို့က ပြောသည်။

လည်လှီးသတ်ဖြတ်ခံရသည့် ဒေသခံနှစ်ဦး၏ ရုပ်အလောင်းကို စစ်ကောင်စီတပ် စစ်ကြောင်းပြန်ထွက်သွားသည့် ဇွန် ၂၆ ရက်နေ့တွင် ဒေသခံတို့က ပြန်လည်တွေ့ရှိခဲ့သည်ဟု ဆိုသည်။

အလားတူ စစ်ကောင်စီစစ်ကြောင်း ဖမ်းဆီးသွားသည့် ကညုံကျွန်းကျေးရွာခံသုံးဦးကို ပြန်လည်တွေ့ရှိခြင်း မရှိသေးသည့်အတွက် မိသားစုဝင်တို့က ဖမ်းဆီးခံရသူတို့၏ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်မှုရှိနေကြောင်း ပြောဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် လောင်းလုံးမြို့နယ်က ကျေးရွာပေါင်း ၅ ရွာထက်မနည်း ဒေသခံ ထောင်နှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။