28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းဟုမ္မလင်း၊ နောင်ပိုအောင်ရွာတွင် စစ်ရေးတင်းမာနေတာကြောင့် ဒေသခံများ ကြိုတင်တိမ်းရှောင်နေရ

ဟုမ္မလင်း၊ နောင်ပိုအောင်ရွာတွင် စစ်ရေးတင်းမာနေတာကြောင့် ဒေသခံများ ကြိုတင်တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း ၊ဟုမ္မလင်းမြို့နယ်ထဲက နောင်ပိုအောင်ကျေးရွာတွင် နှစ်ဖက်တပ်ကြား စစ်ရေးတင်းမာနေသည့်အတွက် ဒေသခံများကို ကြိုတင်တိမ်းရှောင်ထားကြရန် ဒေသကာကွယ်ရေးတပ်တို့က ပြောဆိုထားကြောင်း သိရသည်။

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် စစ်ကောင်စီတပ်ပူးပေါင်းတို့ တပ်စွဲနေသည့် ဟုမ္မလင်းမြို့ အရှေ့ဘက်ရှိ နောင်ပိုအောင်ကျေးရွာကို ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက ထိုးစစ်ဆင်နေတာကြောင့် ရွာခံများကို ကြိုတင်တိမ်းရှောင်ကြရန် သတိပေးထားသည်ဟု ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“အဲ့နောင်ပိုအောင်ကို အခုကာကွယ်ရေးတပ်တွေက ဝိုင်းထားတယ်။ သူတို့ဝိုင်းထားက ၅ ရက်လောက်ရှိပြီ။ ပြည်သူတွေကိုလည်း ခဏရှောင်ကြဖို့ပြောလို့ ဟုမ္မလင်းမြို့ပေါ်ကို အများကြီးရောက်လာကြတယ်။ တချို့လည်း အဲ့ဘက်က နီးစပ်တဲ့ရွာတွေမှာပဲ ခဏရှောင်ထားကြတယ်” ဟု အဆိုပါအမျိုးသမီးက ပြောသည်။

ဟုမ္မလင်း PDF တပ်ပေါင်းစုသည် ဇွန်လ ၁၅ ရက်နေ့ကတည်းက နောင်ပိုအောင်ကျေးရွာဘက်ကို ထိုးစစ်ဆင်လာသည့်အတွက် နှစ်ဖက်တပ်ကြား စစ်ရေးတင်းမာနေပြီး ရွာခံများလည်း ဇွန်လ ၁၆ ရက်နေ့ကတည်းက နေ့စဥ် ထွက်ခွာလာနေကြရာ ရွာထဲဥ လေးပုံသုံးပုံခန့်သာ ကျန်တော့သည်ဟု ဆိုသည်။

“ရွာထဲမှာကျန်တော့ကျန်သေးတယ်။ တချို့မထွက်လာကြသေးဘူး။ နေရဲတဲ့သူတွေတော့နေကြတုန်း ကျွန်တို့က မနေရဲဘူး။ ဖြစ်လာမှဆို မလွယ်ဘူးလေ၊ ပြေးဖို့လွှားဖို့ရာက လမ်းလည်းဖွင့်ထားပေးတယ်ဆိုတော့ ဒီဘက်မြို့ပေါ်ကိုပဲပြေးကြတာများတယ်” ဟု နောင်ပိုနောင်ကျေးရွာခံစျေးသည် အမျိုးသမီးတစ်ဦးက ပြောသည်။

ပုံမှန်အားဖြင့် SNA နှင့် စစ်ကောင်စီတပ်တို့က နောင်ပိုအောင်-နန်တော-ဟုမ္မလင်း ကားလမ်းပိုင်း၌ စစ်ဆေးရေးဂိတ်နှစ်ခု၊ နောင်ပိုအောင်တံတားထိပ်တွင်တစ်ခု၊ နောင်ပိုအောင်ကျေးရွာအထွက် ဒေသအခေါ် (သခ်ျိုင်းကုန်းအနီး) တွင် ဂိတ်တစ်ခုထိုင်ကာ ရွာအဝင်/အထွက်ကို ထိန်းချုပ်ထားခြင်းဖြစ်သည်။

ကာကွယ်ရေးတပ်ဘက်က ထိုဂိတ်များကို ရုပ်သိမ်းပေးရန်နှင့် မရုပ်သိမ်းပေးပါက ဝင်ရောက်တိုက်ခိုက်မည်ဟု သတိပေးထားတာကြောင့် ဂိတ်များအားလုံးလည်း ရုပ်သိမ်းသွားသည်ဟု သိရသည်။

ဒေသခံအမျိုးသားတစ်ဦးက “အခုက ဘာဂိတ်မှ မရှိတော့ဘူးတဲ့။ နောင်ပိုအောင်တံတားထိပ်နဲ့ နောင်ပိုအောင် နန်တောလမ်းက ဂိတ်ကအဆုံးပဲ။ အဲ့ဒီဂိတ်တွေလည်း မထိုင်တော့ဘူး၊ အားလုံးဆုတ်သွားကြပြီ၊၊ ဒီဘက် (PDF) က သတိပေးထားတယ်လေ၊ ဂိတ်တွေ ပြန်ရုပ်သိမ်းပေးဖို့ပေါ့” ဟု ပြောသည်။

နောင်ပိုအောင်ကျေးရွာ အရှေ့ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းတို့ရှိ လွှစင်ကုန်း၊ နားမော်၊ မှန်ဟုန်၊ ပုရစ်၊ ဖါနှိုင်း စသည့် ကျေးရွာများကို ဟုမ္မလင်း PDF တပ်က သိမ်းပိုက်ထားသော ကျေးရွာများဖြစ်သည်။

နောင်ပိုအောင်ကျေးရွာတွင် SNA နှင့် စစ်ကောင်စီပူးပေါင်းတပ် အင်အားအနည်းဆုံး ၃၀၀ ခန့်ရှိသည်ဟုသိရပြီး နောင်ပိုအောင်ကျေးရွာသည် SNA တပ်သားသစ်တို့ကို စစ်သင်တန်းပေးသည့် နေရာလည်းဖြစ်သည်။

ဟုမ္မလင်း PDF တပ်ပေါင်းစုသည် နောင်ပိုအောင်ကျေးရွာကို သိမ်းပိုက်နိုင်မည်ဟု သတင်းတွေထွက်ပေါ်ခဲ့ပြီး ၂၀၂၅ မတ်လတုန်းကလည်း နောင်ပိုအောင်ကို သိမ်းမည်ဆိုသောသတင်းကြောင့် ကျေးရွာနေပြည်သူတချို့ တိမ်းရှောင်ခဲ့ရသေးသည်။

KNG ပေးပို့သည်။