KNU တပ်မဟာ ၃ ခု မှ တပ်မဟာမှူးနှင့် ဗျူဟာမှူးရာထူးများ အပြောင်းအလဲပြုလုပ်

By MPM 11 စက်တင်ဘာ, 2023 👁

ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေ တစ်နေရာတွင် ပြီးခဲ့သည့်ရက်ပိုင်း အတွင်းက ကျင်းပပြုလုပ် ပြီးစီးခဲ့သော ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ၏ နှစ်ဝက်တာ တပ်မှူးများ အစည်းအဝေးတွင် KNU တပ်မဟာ (၃) ခုရှိ KNLA တပ်မဟာမှူးနှင့် ဗျူဟာမှူးရာထူးများ အပြောင်းအလဲ ပြုလုပ်ခဲ့ကြောင်း ကေအဲန်ယူနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်များထံမှ သိရသည်။

အဆိုပါအစည်းအဝေးတွင် KNU တပ်မဟာ (၄)၊ တပ်မဟာ (၆)၊ တပ်မဟာ (၇) မှ သက်ဆိုင်ရာ တပ်မဟာ အလိုက် စစ်ရေးဆိုင်ရာ ကိစ္စရပ်များကို ညွှန်ကြားတာဝန်ခံရသော တပ်မဟာမှူးရာထူးနှင့် စစ်ဆင်ရေးဆိုင်ရာ ကိစ္စများကို ကွပ်ကဲဆောင်ရွက်ရသော ဗျူဟာမှူး ရာထူးများကို KNU က ပြောင်းလဲတာဝန် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စစ်ရေးအရ အရေးပါသော KNLA တပ်မဟာမှူး၊ ဗျူဟာမှူးနေရာများ အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် KNLA ၏ ဗဟိုစစ်ဦးစီး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသောက အတည်ပြု ပြောဆိုသည်။

“ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီးတော့ ပြောင်းလဲလိုက်တာပါပဲ။ အစည်းအဝေးဆုံးဖြတ်ချက်နဲ့တော့ မဟုတ်ဘူး။ ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက် ကလောက်ပဲ ဒါကလည်း ကွန်ကရက်ရဲ့ သဘောထားနဲ့ သူတို့ ကိုယ်တိုင်ရဲ့ ကျန်းမာရေး အခြေအနေအရကြောင့်ပါပဲ။ အခြားအထွေအထူးကြောင့်တော့ မဟုတ်ပါဘူး” ဟု ဗိုလ်မှူးချုပ် စောတာမလာသောက ပြောသည်။

ထို့အပြင် ခေါင်းဆောင်နေရာ အပြောင်းအလဲ သတ်မှတ်ရာတွင် ကရင်လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်သော ကော်သူးလေအာမီ-KTLA နှင့် ပဋိပက္ခဖြစ်ပွားနေသည့် KNU တပ်မဟာ (၄) မှ တပ်မဟာမှူးနှင့် ဗျူဟာမှူး နေရာလည်း ပါဝင်လာသည့်အပေါ် KNU ၏ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေးက ယခုလို ပြောသည်။

“KNLA က ယခင် တပ်မဟာမှူးကတော့ ဗဟိုမှာ ပြန်လုပ်မှာပါ။ ပဋိပက္ခတွေ အတွက်ကတော့ ဗဟိုရဲ့ လမ်းညွှန်မှု ကိုင်တွယ်ဖေးမမှုနဲ့ပဲ ဆက်သွားမှာပါ။ နောက်ပြီး အပြောင်းအလဲက ခေါင်းဆောင်တွေက အသက်တွေကြီးလာလို့ ငယ်တဲ့သူတွေကို နေရာပေးလိုက်တဲ့ သဘောပါပဲ” ဟု ပဒိုစောကလယ်စေးက ပြောသည်။

KNU ၏ အုပ်ချုပ်မှုအောက်တွင် စစ်ရေးနှင့် တိုက်ခိုက်ရေး ဆောင်ရွက်နေသော KNLA သည် အခြားသော တော်လှန်ရေး အင်အားစု၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အာဏာသိမ်းစစ်ကောင်စီအား တိုက်ခိုက်လျက် ရှိသလို KNU အုပ်ချုပ်မှုနယ်မြေ ပိုမိုထိန်းချုပ်နိုင်ရန်နှင့် စစ်ကောင်စီ တပ်စခန်းများ တိုက်ခိုက် သိမ်းပိုက်ခြင်း တို့ကို လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

“ပြောင်းတာကတော့ အချက်နှစ်ချက်နဲ့ ရှိနိုင်တယ်။ ကာစီနိုကိစ္စတို့လို ရင်ဆိုင်ရမယ့် ကိစ္စတွေ ရှိလာမယ်။ တပ်မဟာ (၇) အပိုင်းမှာဆိုရင် စောဖောဒိုက အဖွဲ့အစည်းထဲမှာ မရှိတော့တဲ့အတွက် အရင် သူတာဝန်ခံ ထားတဲ့ ကိစ္စတွေက ပုဂ္ဂိုလ်ရေးအရပဲ ရှိလာတော့မယ် အကွက်ရွှေ့လိုက်တဲ့ သဘောပေါ့” ဟု KNUနှင့် နီးစပ်သူတစ်ဦးက ရာထူးအပြောင်းအလဲများနှင့် ပတ်သက်၍ သုံးသပ်ပြောဆိုသည်။

ထိုသို့အပြောင်းအလဲကို ကြည့်ခြင်းဖြင့် ရှေးရိုးစွဲများ ပယ်ပျောက်လာနိုင်ပြီး လူငယ်ခေါင်းဆောင်များ နေရာရလာခြင်းတို့ကြောင့် ကောင်းမွန်သော အပြောင်းအလဲတရပ် ဖြစ်သည်ဟုလည်း ၎င်းက ဖြည့်စွက် သုံးသပ်သည်။

ဆက်လက်ပြီး အဆိုပါနီးစပ်သူက “ဗျူဟာမှူးကတော့ ဟိုမှာသွားလည်း ရုန်းမှာပဲ၊ ဒီမှာသွားလည်း ရုန်းမှာပဲဆိုတော့ သူတို့ကတော့ ကျွဲရုန်းလောက်ပဲ ရှိတာပေါ့။ အခုမှ အပြောင်းအလဲစရုံလောက်ပဲ ရှိသေးတာ၊ အကြီးကြီးတော့ မဟုတ်ပေမယ့် KNU က ကောင်းဖို့ပဲ ရှိတော့တယ်” ဟု ဆက်ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ကေအဲန်ယူ တပ်မဟာ (၄) မှ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောလေးမူ အစား ဒုတိယဗိုလ်မှူးကြီး စောဖိုးလေး၊ တပ်မဟာ(၆) မှ တပ်မဟာမှူးဗိုလ်မှူးချုပ် စောဆာမိစေးဖိုး အစား ဗိုလ်မှူးကြီး စောကို့ထူးနှင့် တပ်မဟာ (၇) မှ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဖောဒို အစား ဗိုလ်မှူးကြီး စောဒိကွယ်ထူးတို့အား ပြောင်းလဲတာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် တပ်မဟာ(၄)၏ ဗျူဟာမှူး နေရာတွင် တပ်ရင်း (၂၀၃) ၏ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး စောလင်းသိန်း၊ တပ်မဟာ (၆) တွင် တပ်ရင်း (၂၇) ၏ တပ်ရင်းမှူး ဗိုလ်မှူးကြီးရန်နိုင် (စောနယ်ဒါးထူး)နှင့် တပ်မဟာ (၇) ၏ ဗျူဟာမှုးနေရာတွင် တပ်ရင်း (၁၀၁) ၏ တပ်ရင်းမှူး ဗိုလ်မှူးကြီး စောဖိုးဒူတို့အား အသီးသီး ပြောင်းလဲခန့်ထားကြောင်း သိရသည်။

KNU ၏ တပ်မဟာ (၇) ခု အနက် ကျန်ရှိ တပ်မဟာ (၁) တွင် တပ်မဟာမှူး ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေး၊ ဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူ၊ တပ်မဟာ (၂) တွင် တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဩဂတ်စ်တီး၊ ဗျူဟာမှူး ဗိုလ်မှူးကြီး စောပေါ်လူ၊ တပ်မဟာ (၅) တွင် တပ်မဟာမှူး ဗိုလ်မှူးချူပ် စောဂီနွီးနှင့် ဗျူဟာမှူး ဗိုလ်မှူးကြီး စောမော်ဒဲတို့က ရာထူးအပြောင်းအလဲ မရှိဘဲ လက်ရှိနေရာတွင် အသီးသီး တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

ကေအိုင်စီ ပေးပို့သည်။