မူဆယ်ရှိ စစ်ရှောင်တစ်ထောင်ကျော် အစားအစာနှင့် အဝတ်အထည်များ လိုအပ်နေ

By MPM 7 စက်တင်ဘာ, 2023 👁 2

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၁ ထောင်ကျော်အတွက် အစားအသောက်နှင့် အဝတ်အစား အကူအညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

စစ်ဘေးရှောင်များကို အကူအညီပေးနေသူတစ်ဦးက “အစားအသောက်တွေ လိုအပ်သေးတယ်။ ပြီးတော့ အများစုက အမျိုးသမီးအဝတ်တွေပဲ လာလှူတာ များတယ်။ အမျိုးသားအဝတ်က မရှိဘူး။ သူတို့က ရေချိုးလဲဖို့ ပုဆိုးတောင် မရှိကြဘူး။ ပြေးလာချိန်မှာ ဘာမှမပါဘဲ ပြေးကြတာလေ ဘာမှမယူလိုက်ရဘူး” ဟု ပြောသည်။

စစ်ဘေးရှောင်များမှာ မူဆယ်မြို့ပေါ်ရှိ ဟိုနားရပ်ကွက်တွင် ၂၃၀ ဦး၊ စွမ်စော်ရပ်ကွက်တွင် ၁၆၀ ဦး၊ မှန်ကန်ကျေး ရွာတွင် ၂၉၀ ဦး နှင့် နမ့်စန့် (တုန်ခွမ်) ကျေးရွာဇရပ်တွင် ၄၃၀ ဦး စုစုပေါင်း ၁၁၁၀ ဦး ရှိနေပြီး ၎င်းတို့အတွက် အကူအညီများ လိုအပ်သည်ဟု စစ်ရှောင်ကူညီသူများက ပြောဆိုသည်။

ထွက်ပြေးလာသူ စစ်ဘေးရှောင်များမှာ စယ်လန့် ကျေးရွာအုပ်စု၊ မှန်ကန် ကျေးရွာအုပ်စု၊ နမ့်ကတ် ကျေးရွာနှင့် မိုင်းစပ် ကျေးရွာများက ဒေသခံများဖြစ်သည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူများက ပြောသည်။

ထွက်ပြေး တိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်တချို့မှာ နမ့်ခမ်းမြို့ရှိ ဆွေမျိုးများ၏ အိမ်များတွင် သွားရောက်ခိုလှုံ နေသူများ ရှိသကဲ့သို့ တချို့မှာ မူဆယ်မြို့ရှိ ဆွေမျိုးများ၏ အိမ်များတွင် သွားရောက်ခိုလှုံနေသူ များလည်း ရှိသည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီတပ်က အဆိုပါ ကျေးရွာများထဲကို လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေသည့်အတွက် နေရပ်မပြန်ရဲကြသေးပဲ မူဆယ်မြို့တွင်သာ ဆက်လက်နေထိုင်နေရခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များက ပြောသည်။

“အခုက သူတို့ကျေးရွာဘက်မှာ လက်နက်ကြီးသံတွေတော့ ကြားနေရသေးတယ်။ တိုက်ပွဲက မငြိမ်သေးတော့ နေ့ရပ်ပြန်လို့ မရသေးဘူး။ အခုက ဒီဘက်မူဆယ်မှာ မရှောင်လာတဲ့သူတွေ ရွာမှာနေတဲ့သူတွေလည်း အကူညီ တောင်းလာတယ်။ တောထဲမှာ အလုပ်မသွားရတော့ စားသောက်ဖို့က ခက်ခဲ့လာကြတာ ဒီနေ့သူတို့စီ သွားကူမလို့” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူ မူဆယ်မြို့ခံတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များသည် ပြီးခဲ့သည် သြဂုတ်လ ၂၉ ရက်နေ့က ၎င်းတို့၏ ကျေးရွာများအတွင်း ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ် နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ အကြား တိုက်ပွဲများကြောင့် မူဆယ်မြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်သည်။

မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်များတွင် ပြီးခဲ့သည့် သြဂုတ်လမှ စက်တင်ဘာလ ၁ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်တို့အကြား တိုက်ပွဲပေါင်း ၂၄ ကြိမ် ဖြစ်ပွား ခဲ့သည်ဟု TNLA ၏ ထုတ်ပြန်ချက်များအရ သိရသည်။

NMG ပေးပို့သည်။