နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဆိုင်ကယ်တစ်စီးတွင် အမျိုးသားနှစ်ဦးအတူစီးပါက ဖမ်းဆီးပြီး ထောင်ဒဏ်ပါ ချမှတ်နေကြောင်း ဒေသခံများက ပြောသည်။
ဆိုင်ကယ်တစ်စီးတွင် အမျိုးသားတစ်ဦး (သို့) အမျိုးသမီးတစ်ဦး၊ အမျိုးသမီး နှစ်ဦး (သို့) အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသာ အတူ စီးခွင့်ရကြောင်းနှင့် အမျိုးသားနှစ်ဦးအတူ စီးနင်းလို့ ဖမ်းဆီးခံရသူများအား ထောင်ဒဏ် တစ်လ ချမှတ်ကြောင်း လဟယ်ဒေသခံတစ်ဦးက ပြောသည်။
“ဒီက အထွေထွေဦးစီးဌာနက သူတို့က ဒေသန္တရဥပဒေအရ လဟယ်မြို့ပေါ်မှာ အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးခွင့် မရှိရဘူး။ အမျိုးသမီးနှစ်ဦး စီးခွင့်ရှိတယ်။ အမျိုးသားတစ်ဦးရဲ့နောက်မှာ အမျိုးသမီးတစ်ဦး စီးခွင့်ရှိတယ် ဆိုပြီး ထုတ်ပြန်တယ်။ အဲ့မှာ ဘယ်လိုဖြစ်သွားလည်းဆိုရင် ကျေးရွာလာတဲ့ ကလေးတွေက အမျိုးသားနှစ်ယောက် စီးလာတယ် ဖမ်းသွားတယ်။ ဖမ်းပြီးတော့ ဒဏ်ငွေ မဟုတ်ဘဲနဲ့ ထောင်ဒဏ် တစ်လ ချလိုက်တယ်။ ဒီမှာက မာရှယ်လော ထုတ်ခံထားရတဲ့ ဒေသလည်းမဟုတ်ဘူး” ဟု လဟယ်ဒေသခံက ပြောသည်။
လဟယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒေသန္တာရဥပဒေ ချမှတ်ပြီးနောက် ဒေသခံပြည်သူ ၄ ဦး ဖမ်းဆီးခံခဲ့ရသည်မှာ တစ်လနီးပါး ရှိလာနေပြီ ဖြစ်သော်လည်း ယခုအချိန်ထိ ဖမ်းဆီးခံရသူများ ပြန်မလွတ် လာသေးဟု လဟယ်ဒေသခံက ပြောဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့က လဟယ်မြို့နယ်ရှိ ဂဟုန်းစံပြ ကျေးရွာအနီးရှိ လူမနေသည့် တောင်ယာတဲတွင် PDF များ၏ လက်နက်ခဲယမ်းများနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိပြီးနောက်တွင် လဟယ်မြို့တွင် အဆိုပါထုတ်ပြန်ချက်ကို ထုတ်ပြန်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါဒေသန္တာရ အမိန့်ဥပဒေကြောင့် ဒေသခံပြည်သူများမှာ တောင်ယာခင်းသို့ သွားလာခြင်း၊ ရုံးလုပ်ငန်း သွားလာခြင်းနှင့် လဟယ်မြို့သို့ အနီးဝန်းကျင် ကျေးရွာများမှ ဈေးလာဝယ်ကြသည့် ဒေသခံပြည်သူများမှာ သွားရေးလာရေးတွင် အခက်တွေ့နေရသည်ဟု သိရှိရကြောင်း လဟယ်မြို့ခံတစ်ဦးက အခုလို ပြောပြသည်။
“ဆိုင်ကယ် အမျိုးသားနှစ်ယောက် မစီးရ အမိန့်ထုတ်ထားတော့ ဒုက္ခရောက်နေတယ်။ ပြည်သူတွေကို သက်သက် နှိမ့်နေတာပဲလေ။ သူတို့ အသက်လုံခြုံရေးအတွက် ဖြစ်မယ်၊ မြို့တွင်း ခြေကျင်လျှောက် ဂိတ်ကျော်မှ စီးရတယ်လေ။ နှစ်ယောက်စီးတာတွေ့ရင် ဖမ်းတယ်။ အချုပ်ထဲ ထည့်တာ၊ အခု လေးယောက်ဖမ်းထားတာ မလွှတ်ပေးသေးဘူး” ဟု ၎င်းက ဆိုသည်။
ဩဂုတ်လ ၂၈ ရက်နေ့ကလည်း စစ်ကောင်စီလော်ဘီများ၏ တယ်လီဂရမ် ချယ်နယ်များတွင် ခန္တီး PDF ၄ ဦး စစ်ကောင်စီဘက်သို့ ဘက်ပြောင်းသွားကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ ခန္တီး ပကဖ အဖွဲ့အား မေးမြန်းရာ မဟုတ်မှန်ကြောင်း ပကဖအဖွဲ့က ပြန်လည်ဖြေကြား ပြောဆိုထားသည်။
NMG ပေးပို့သည်။