ကရင်အမျိုးသားအစည်းအရုံး-KNU နယ်မြေအတွင်း စစ်ရေးပြင်းထန်ရာဒေသများသို့ စစ်အာဏာသိမ်းမှု နောက်ပိုင်း သွားလာရေးနှင့်လုံခြုံရေး ပြဿနာများကြောင့် မိခင်နှင့်မွေးကင်းစကလေးများ ကာကွယ်ဆေး လိုက်လံထိုးပေးနိုင်မှု ခဲယဉ်းသွားသည်ဟု KNU လက်အောက်ခံ ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန-KDHW က ပြောဆိုသည်။
ထိုင်း-မြန်မာ နယ်စပ်ရှိ စစ်ရှောင်စခန်းများတွင် မိခင်ရောမွေးကင်းစကလေးပါ ကာကွယ်ဆေးထိုးပေးမှု ရရှိသော်လည်း နှစ်ဖက်တိုက်ပွဲများ ဖြစ်ပေါ်နေပြီး အလှမ်းဝေးသည့်ဒေသများသို့ ကာကွယ်ဆေးများ မပံ့ပိုးပေးနိုင်ကြောင်း KDHW ၏ မိခင်နှင့်ကလေးတာဝန်ခံတစ်ဦးက အခုလိုပြောသည်။
“အာဏာမသိမ်းခင်က ကျမတို့ Target area တွေမှာ မိခင်ရောကလေးရော ကာကွယ်ဆေး ထိုးပေးနိုင်တယ်၊ အခုကျ နယ်စပ်ဆိုရင်တော့ ဆေးက ရပေမယ့် လေယာဉ်လာပစ်တဲ့ နေရာတွေကျတော့ ကျန်းမာရေး လုပ်သားတွေ သွားလာရေး ခက်ခဲတာရော လုံခြုံရေး စိတ်မချရလို့ရော မပေးနိုင်သေးဘူး။ ထိုင်းဘက်မှာပဲ ယူယူ မြန်မာပြည်ဘက်ခြမ်းပဲယူယူ ဆေးဝါးသယ်ပြီး ပြည်တွင်းပြန်သွင်းဖို့က အဆင်မပြေတော့ဘူး စီစဉ်နေတာတော့ရှိတယ်” ဟု အဆိုပါတာဝန်ခံက ပြောသည်။
စစ်ဘေးတိမ်းရှောင်နေရပြီး အကူအညီရောက်ရှိမှု အလှမ်းဝေးသည့်ဒေသမှ မွေးကင်းစကလေးနှင့် မိခင်များသည် အာဟာရပြတ်လပ်မှုဒဏ် ခံစားနေရသည့်အပြင် ကာကွယ်ဆေး ထိုးထားသည့် ကလေးငယ် များထက် ခန္ဓာကိုယ်ခုခံအား ပိုမိုနည်းပါးသဖြင့် ရောဂါပိုး ကူးစက်ဝင်နိုင်ချေ များနိုင်သည်ဟု ၎င်းက ဖြည့်စွက် သုံးသပ်ပြောဆိုသည်။
ထို့အပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ခံခဲ့ရပြီးနောက် ရွာလုံးကျွတ် နေရပ်စွန့်ခွာထွက်ပြေး နေရသဖြင့် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းစဉ်များ ရပ်တန့်သွားရသည်ဟု ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ မြောက်ပိုင်းရှိ စစ်ဘေးရှောင်ကူအမျိုးသားတစ်ဦးက အခုလို ပြောပြသည်။
“ကျနော်တို့ဆီမှာ စစ်မဖြစ်ခင်ကတော့ နှစ်ကြိမ်လောက် ကာကွယ်ဆေးလာထိုးပေးတာ ရှိတယ်။ ဆရာမ ကလည်း သူတစ်ယောက်ပဲ ဒေသကကလေးတွေရော ဟိုးကယားဘက်က ကလေးတွေရော လာထိုးကြ တယ်။ စစ်ဖြစ်နေတဲ့နေရာက လူတွေရော အကုန်လာထိုးကြတာ လောလောဆယ် စစ်ဖြစ်နေတော့ အဲ့လုပ်ငန်းလည်း ရပ်သွားပြီပေါ့” ဟု ၎င်းက ပြောဆိုသည်။
ကာကွယ်ဆေးထိုးခြင်းအား မွေးကင်းစ ကလေးအရွယ်မှသည် ကလေးအသက် တစ်နှစ်သားအရွယ် အထိ အသည်းရောင် အသားဝါဘီ ရောဂါကာကွယ်ဆေးများ၊ တီဘီဆေးများ၊ ပိုလီယိုနှင့် တုပ်ကွေးရောဂါ ကာကွယ်ဆေးများ အပြင် ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးနှင့် ဝက်သက်ဆေးများ ထိုးနှံသင့်ကြောင်း ကျန်းမာရေးဝန်ထမ်းများ၏ ပြောဆိုမှုအရ သိရသည်။
ထို့အပြင် မွေးဖွားပြီး အသက် ၆ ပတ်မှ ၈ လ အထိ ကလေးငယ်များတွင် ဝမ်းရောဂါနှင့် တုပ်ကွေးရောဂါများ အဖြစ်များသောကြောင့် ကလေးအထူးကုဆရာဝန်များနှင့် တိုင်ပင်၍ ရောဂါကာကွယ်ဆေးများ ထိုးပေးသင့် သည်ဟုလည်း ကျန်းမာရေးဝန်ထမ်းများက ပြောဆိုသည်။
အလားတူ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည့် ကေအဲန်ယူထိန်းချုပ်နယ်မြေများတွင် စစ်ကောင်စီက ဒေသ အတွင်း ဆေးဝါးသယ်ဆောင်ခွင့်ကို ကန့်သတ်သည့်အပြင် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေသောကြောင့် ပြည်တွင်းရှိ စစ်ဘေးရှောင်စခန်းများသို့ ဆေးဝါးတင်သွင်းရန် အခက်အခဲ ရှိနေပြီး ကျန်းမာရေးစောင့်ရှောက်မှု နှောင့်နှေးရကြောင်းလည်း ဒေသတွင်း စစ်ဘေးရှောင်ကူအဖွဲ့များက ပြောပါသည်။
ကေအိုင်စီ ပေးပို့သည်။