ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံထားရသည့် ကိုရင်ဆို့နှင့်ကိုဖိုးသီဟတို့အမှုကို အမြန်ဆုံး အမိန့်ချပေးဖို့ တောင်းဆို

By MPM 6 စက်တင်ဘာ, 2023 👁

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅(က) ဖြင့် စစ်ကောင်စီ၏ တရားစွဲခံထားရသည့် ကိုရင်ဆို့ (ခေါ်) ကိုကျော်ဇံဝေနှင့် သတင်းထောက်ဟောင်း ကိုဖိုးသီဟတို့အမှုအား အပြီးသတ် အမိန့်ချမှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုသည်။

“သူတို့အမှု အကုန်စစ်ဆေးပြီးစီးသွားပြီ။ အပြီးသတ် အမိန့်ချဖို့တစ်ခုတည်းသာ ကျန်ပါတော့တယ်။ ဒါကြောင့် အမိန့်မြန်မြန်ချစေချင်နေတာပါ” ကိုရင်ဆို့၏ မိသားစုနှင့်နီးစပ်သူက ပြောသည်။

ကိုရင်ဆို့(ခေါ်) ကိုကျော်ဇံဝေမှာ မြောက်ဦးမြို့တွင် နေထိုင်သူဖြစ်ပြီး ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ဟာသဗီဒီယိုများနှင့် စစ်ရေး၊ နိုင်ငံရေး အခြေအနေများကို မျှဝေရင်း လူသိများလာသူ ဖြစ်သည်။

ကိုရင်ဆို့(ခေါ်) ကိုကျော်ဇံဝေကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၄ ရက် စစ်ကောင်စီတပ်နှင့် ရဲအင်အား ၂၀ ခန့် ၎င်း၏နေအိမ်အတွင် ဝင်ရောက်၍ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နိုင်ငံတော်အေးချမ်းသာယာရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမှုလုပ်ဆောင်ခဲ့သည်ဟုဆိုကာ ဥပဒေပုဒ်မ ၅ဝ၅ (က) ဖြင့် စစ်ကောင်စီက အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

အလားတူ သတင်းထောက်ဟောင်း ကိုဖိုးသီဟ၏ဇနီးဖြစ်သူက “သူတစ်ယောက်တည်းကို အပြီးသတ်အမိန့် မချသေးတာတော့ မဟုတ်ပါဘူး။ ၅၀၅(က)နဲ့ ဖမ်းခံထားရသူတိုင်း အမှုအခြေအနေပြီးသွားပေမဲ့ အမိန့်မချ သေးတာပါ။ အမှုအခြေအနေတွေပြီးရင် မြန်မြန်ဆန်ဆန်ပဲ အမိန့်ချစေချင်တာ” ဟု ပြောသည်။

ကိုဖိုးသီဟသည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် စစ်ရေး၊ နိုင်ငံရေး အကြောင်းအရာများကို အလျဉ်းသင့်သလို မျှဝေလေ့ရှိပြီး ယင်းအပေါ် မကျေနပ်ဖြစ်ကာ စစ်ကောင်စီ တပ်သားများက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်တွင် မြောက်ဦးရှိ ၎င်း၏နေအိမ်သို့ လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ယင်းနောက် ကိုဖိုးသီဟကို မြောက်ဦးရှိ ၃၇၇ တပ်ထဲတွင် ဖမ်းဆီးချုပ်နှောင် စစ်ဆေးခဲ့ပြီးနောက် မြောက်ဦး မြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ပြီး နိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၅(က) ဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

ကိုဖိုးသီဟသည် ယခင်က DVB အပါအဝင် ပြည်တွင်း၊ ပြည်ပ သတင်းဌာန တချို့တွင် ဝင်ရောက်လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး ဖမ်းဆီးခံခဲ့ရချိန်တွင် သတင်းမီဒီယာလောကမှ ထွက်ထားပြီး ကလေးကစားစရာ အရုပ်ဆိုင် ရောင်းချနေသူ ဖြစ်သည်။

ရခိုင်တွင် စစ်ကောင်စီက ဒေသခံများကို မတရားဖမ်းဆီး တရားစွဲဆိုပြီး တရားရင်ဆိုင်နေရသည့် အမှုများကို စစ်ဆေးပြီး ဖြစ်သော်လည်း အပြီးသတ် အမိန့်မချဘဲ ဥပဒေကို လက်တစ်လုံးခြားလုပ်ကာ အကြောင်းအမျိုးမျိုး ပြ၍ ရုံးချိန်း အကြိမ်ကြိမ်ရွေ့ဆိုင်းနေသည်ဟု နိုင်ငံရေး စောင့်ကြည့်လေ့လာသူများက ပြောသည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၁၀၀ ကျော်ကို မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁) (၂)၊ နိုင်ငံတော် ဆူပှုလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က)(ခ) တို့အပြင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က တို့ဖြင့် တရားစွဲဆိုထားဆဲဖြစ်ကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။