ချင်းလူထုဖွံ့ဖြိုးရေးကွန်ရက်-NCCD က ချင်းစစ်ဘေးရှောင်ပြည်သူများထံ စားနပ်ရိက္ခာများထောက်ပံ့

By MPM 6 စက်တင်ဘာ, 2023 👁

ချင်းလူထုဖွံ့ဖြိုးရေးကွန်ရက် Network for Chin Community Development (NCCD) က ချင်းပြည်နယ် ၄ မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများထံ ကျပ်သိန်း ၃၀၀ ကျော် တန်ဖိုးရှိသည့် အရေးပေါ် စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ချင်းပြည်နယ်အတွင်းရှိ ဟားခါ၊ ထန်တလန်၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ် အတွင်းရှိ ကျေးရွာ ၈ ရွာမှ စစ်ဘေးရှောင် ပြည်သူများထံ ပြီးခဲ့သည့် သြဂုတ်လ ၂၀ ရက်နေ့ မှ ၃၀ ရက်နေ့ အတွင်း ဆန်၊ ဆီ၊ ဆား စသည့် အခြေခံစားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးခဲ့သည်ဟု NCCD လက်ထောက် ညွန်ကြားရေးမှု ဦး Simon က ပြောသည်။

“အခု မိုးတွင်းလည်းဖြစ်တော့ သူတို့ရဲ့ အဓိက လိုအပ်ချက်ကတော့ အခြေခံစားသုံးကုန် စားနပ်ရိက္ခာ ဖြစ်တယ်။ အဲ့ဒီထဲမှာမှ အဓိက ဦးစားပေးတဲ့နေရာတွေမှာ ကိုယ့်ရဲ့ ရလာတဲ့ဘတ်ဂျက်ပေါ်မှာ မူတည် ပြီးတော့မှ အကန့်သတ်နဲ့ပေးတာ ဖြစ်တယ်။ အကန့်သတ်ဆိုတာ စစ်ဘေးရှောင်တွေ အကုန်လုံးကို တစ်ခါတည်းနဲ့ ပေးဖို့ မနိုင်ဘူးပေါ့နော်၊ ဘတ်ဂျက်က မလောက်ဘူးဆိုတော့လေ ကျွန်တော်တို့ အကုန်လုံး မလွမ်းခြုံနိုင်သေးဘူးပေါ့” ဟု NCCD လက်ထောက်ညွန်ကြားရေးမှု ဦး Simon ကပြောသည်။

ချင်းပြည်နယ်အတွင်းရှိ စစ်ရှောင်များမှာ မိုးရာသီကာလတွင် လမ်းပန်းဆက်သွယ်ရေးနှင့် အစားသောက် အခက်အခဲ ကြုံတွေ့နေကြရကြောင်းနှင့် အရေးပေါ် လိုအပ်သည့် စစ်ဘေးရှောင် အိမ်ထောင်စု ၃၀၀၊ လူဦးရေ တစ်ထောင်ကျော်ကိုသာ ထောက်ပံ့မှုပေးနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ဘေးရှောင် ပြည်သူများမှာ အစားအသောက် ပြတ်လတ်မှုများကြောင့် ကလေးငယ်များသည်လည်း အာဟာရ ချို့တဲ့မှုများနှင့် ရင်ဆိုင်နေကြရသည့်အပြင် ယခုမိုးတွင်းကာလ၌ ကျန်းမာရေး အခက်အခဲ ကြုံတွေ့နေကြရပြီး ဆေးဝါးများ လိုအပ်နေသည်ဟု ဦး Simon က ပြောသည်။

“ဒီအခြေခံစားသောက်ကုန် တစ်ခုတည်းမဟုတ်ဘဲနဲ့ ကျန်းမာရေးပိုင်း အဟာရပြည့်ဝမယ့် ဗီတာမင်တွေ က အစပေါ့လေ၊ ပြီးတော့ ကလေးတွေအတွက်၊ လူနာတွေအတွက် ဆေးပစ္စည်းပိုင်းတွေလည်း အများကြီး လိုအပ်နေပါတယ်” ဟု ဦး Simon က ပြောသည်။

ချင်းလူထုဖွံ့ဖြိုးရေးကွန်ရက် (NCCD) သည် လွန်ခဲ့သည့် မေလတုန်းက ချင်းပြည်နယ်၊ ထန်တလန်မြို့ နယ်နှင့် တီးတိန်မြို့ရှိ စစ်ဘေးရှောင်များနေထိုင်သည့် ကျေးရွာ ၁၀ ခု တွင်လည်း စားနပ်ရိက္ခာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့် ချင်းပြည်နယ်တွင် စစ်ဘေးရှောင် အရေတွက်မှာ ပိုမို တိုးမြင့်လာနေသည့်အတွက် အစားသောက်နှင့် ကျန်းမာရေး အခက်ခဲများ ကြုံတွေ့နေကြပြီး အကူညီ ပိုမို လိုအပ်လာနေသောကြောင့် ပြည်တွင်းပြည်ပ အလှူရှင်များ၏ ကူညီထောက်ပံ့မှုများ စောင့်မျှော်နေသည်ဟု ဦး Simon က ပြောဆိုသည်။

KMG ပေးပို့သည်။