သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မိုင်းယုကျေးရွာအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည်များ ကျပေါက်ကွဲမှုကြောင့် နေအိမ်များပျက်စီးပြီး အိမ်မွေးတိရိစ္ဆာန်များ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများထံက သိရသည်။
စက်တင်ဘာလ ၅ ရက်နေ့ ည ၁၀ ဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကွတ်ခိုင်မြို့နယ် နမ့်ခိုင် တံတားရှိ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ မိုင်းယုကျေးရွာအတွင်းရှိ နေအိမ်များပေါ်သို့ ကျပေါက်ကွဲပြီး နေအိမ် ၅ လုံး ထက်မနည်း ပျက်စီးကာ ဝက် ၄ ကောင် သေဆုံး ခဲ့ကြောင်း မိုင်းယုဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“မနေ့ ညက လူအိပ်ချိန်ဆိုတော့ ဘယ်သူမှ ထမကြည့်ရဲဘူး။ လက်နက်ကြီးတွေက ၁၅ လုံးလောက် ရှိတယ်။ အိမ်တောင် လှုပ်တယ်။ တချို့မြေပြင်ပေါ်မှာ မကျဘဲ ကောင်းကင်ပေါ်မှာ ပေါက်ကွဲတာလည်း ရှိသေးတယ်။ မနေ့ညတစ်ညလုံး ကြောက်နေရတာတော့ မပြောနဲ့ ကြောက်ပြီးအော်ငိုကြတာ” ဟု အဆိုပါဒေသခံက ဖြစ်စဉ်ကို ပြောပြသည်။
မိုင်းယုကျေးရွာအတွင်း လက်နက်ကြီးများ ကျပေါက်ကွဲမှုကြောင့် အသက် ၇၀ နှစ်ကျော် အဖွားတစ်ဦး နှလုံးရပ်သွားမတန့် ဖြစ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာထဲကို ရည်ရွယ်ချက်ရှိရှိနှင့် လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့တာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် တချို့သည်လည်း ကျေးရွာအတွင်း လှုပ်ရှားနေထိုင်လျက်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“ဖြစ်ချင်တာတော့ လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပြဿနာဖြစ်ရင် ကျေးရွာထဲမှာ လာမနေဖို့ တောင်းဆို ချင်တယ်။ ဖြစ်လာရင် ကျနော်တို့ ပြည်သူတွေပဲ ထိခိုက်တာ။ ပြည်သူတွေပဲ နစ်နာတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက တောင်းဆိုသည်။
ကွက်ခိုင်မြို့နယ် မိုင်းယုကျေးရွာအတွင်း တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ လှုပ်ရှားနေသည့် နယ်မြေ ဖြစ်သည်။ မိုင်းယုကျေးရွာသည် နေအိမ်စုစုပေါင်း ၁၈၀ ကျော် ရှိပြီး နမ့်ခိုင်ရွာနှင့် ၁ မိုင် ကွာဝေးပြီး ကွက်ခိုင်မြို့နှင့် ၁၉ မိုင်ခန့် ကွာဝေးသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။