ဖားကန့်တွင် ဩဂုတ်လအတွင်း အကြောင်းမဲ့သတ်ဖြတ်ခံရမှုအပါအဝင် အရပ်သားပြည်သူ ၄၀ ဦး သေဆုံး

By MPM 5 စက်တင်ဘာ, 2023 👁

ကချင်ပြည်၊ ဖားကန့်တွင် ပြီးခဲ့သည့်ဩဂုတ်လအတွင်း မြေစာပုံပြိုတာကြောင့် အရပ်သားသေဆုံးခဲ့ရသူများ အပါအဝင် အကြောင်းမဲ့သတ်ဖြတ်ခံရလို့ သေဆုံးသူ စုစုပေါင်းအရပ်သားပြည်သူ ၄၀ ဦးအထိရှိကြောင်း ဒေသခံများထံက သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွှေ့ပြောင်းလာရောက်နေထိုင်သူ များပြားလာသည့် ဖားကန့်နယ်မြေတွင် အာဏာရယူထားသည့် စစ်ကောင်စီတပ်က မသင်္ကာသည့် အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်တာအပြင် ခိုးဆိုးလုယက်မှူတွေကြောင့် သတ်ဖြတ်ခံရသူများ လစဉ်တိုင်းရှိနေသည့်မြို့ ဖြစ်နေသည်ဟု ဒေသခံများက ပြောဆိုသည်။

“ကျနော်တို့ ဖားကန့်မှာက ခုနောက်ပိုင်းဆို သတ်ဖြတ်ခံထားရတဲ့ အလောင်းတွေက ပုံမှန်လို မြင်တွေ့ လာရတော့ အဆန်းမဟုတ်တော့ဘူး။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်ပေါ့၊ ကိုယ်လည်း ဘယ်အချိန်မှာ ရောယောင်ပါသွားမလဲဆိုတာ မသိနိုင်ဘူး” လို့ ဆိုင်းတောင်ရပ်ကွက်ခံတစ်ဦးက ပြောသည်။

သတ်ဖြတ်ခံရသူများဟာ စစ်ကောင်စီတပ်ဘက်က သတ်ဖြတ်ပြီး လာစွန့်ပစ်တာတွေရှိသလို ခိုးဆိုး လုယက်ရင်း သတ်ခံရတာတွေ၊ အချင်းများရန်ဖြစ်ပြီး သတ်ဖြတ်ကြတာတွေနဲ့ ကာကွယ်ရေးတပ်ဘက်က စစ်တပ်လက်အောက်ခံများကို လာရောက်ရှင်းလင်းမှုပြုတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောသည်။

ယင်းအပြင် သတ်ဖြတ်ခံထားရသူ အများစုသည် ပိုင်ရှင်မဲ့အလောင်း အဖြစ်များတာကို တွေ့ရတယ်လို့ ဖားကန့်၊ မှော်ဝမ်းအရပ်တွင်နေထိုင်သည့် ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါသည်။
“ဒီမှာကလူတွေ အရင်ထက် ၂ ဆ လောက်ကို များလာတာ။ ဥပမာ- မြေပြိုတဲ့နေရာမှာကြည့် အလောင်း ၃၃ လောင်း ပိုင်ရှင်ရှိတာ ၆ ယောက်ပဲ။ အဲလိုဘဲ သတ်ဖြတ်ခံထားရတဲ့သူတွေလည်း ပိုင်ရှင်မရှိတာ များလာတယ်။ ဘယ်သူသတ်လို့သတ်မှန်း တိတိကျကျပြောဖို့ခက်တယ်” လို့ အဆိုပါအမျိုးသမီးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်အတွင်း သေဆုံးခဲ့သူများသည် ဩဂုတ်လ ၁၃ ရက်နေ့ မနမှော်မြေစာပုံ ပြိုကျလို့ သေဆုံးခဲ့သည့်အရပ်သား ၃၃ ယောက်နဲ့ ဩဂုတ်လ ၁၇ ရက်နေ့က ယူမာရပ်ကွက် ကျောက်မျက်စျေးရှေ့ သတ်ခံထားရသူ အမျိုးသား ၂ ယောက်၊ လုံးခင်းရပ်ကွက်လမ်းဘေး သတ်ဖြတ်ခံထားရသူ အမျိုးသား ၁ ယောက်၊ ဖားပြင်၌ သတ်ဖြတ်ခံထားရသူ အမျိုးသား ၁ ယောက်၊ ၂၉ ရက်နေ့ ရှရော်ခမှာ သတ်ခံထားရတဲ့ အမျိုးသမီးငယ် ၁ ယောက်၊ ၃၁ ရက်နေ့ မရှီကထောင်နဲ့ ဆွတ်ကြိုင်ရွာမှာ အချင်းများပြီး ဓါးခုတ်မှု ဖြစ်ရာက သေဆုံးသွားသူ အမျိုးသား ၂ ယောက်တို့ ဖြစ်သည်။

ဖားကန့်တွင် အခုလိုအကြောင်းမဲ့ သတ်ဖြတ်ခံရမှုများ တစ်ရက်ထက်တစ်ရက် ပိုဆိုးရွားလာနေသည့်အတွက် အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်သို့ လာရောက်ရွှေ့ပြောင်း နေထိုင်သူတချို့မှာ ပြီးခဲ့သည့် ဇူလိုင်လ လဆန်းပိုင်းက စပြီး ဖားကန့်ကနေ ချီဖွေ၊ ပန်ဝါဘက်သို့ ပြောင်းရွှေ့သွားသူတွေလည်း ရှိနေတယ်လို့ ဖားကန့်ဒေသခံတွေက ပြောဆိုသည်။

KNG ပေးပို့သည်။