နမ်ဆန်ယန်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ

By MPM 5 စက်တင်ဘာ, 2023 👁

ကချင်ပြည် ဗန်းမော်ဘက်ကနေ နမ်ဆန်ယန်ကို စစ်အင်အားအပါအဝင် ရိက္ခာတင်ဆောင်ပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီယာဉ်တန်း ဒါဆိုင်း (Dasai Mare) ရွာနားမှာ တိုက်ခိုက်ခံရလို့ စစ်ကားတစ်စီး ပျက်စီးသွားပြီး ထိခိုက်သေဆုံးမှုရှိတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်များထံက သိရသည်။

အဲဒီစစ်ကြောင်းက စက်တင်ဘာ လဆန်းပိုင်းက ဗန်းမော်ဘက်ကနေ တက်လာသည့် စစ်ယာဉ်တန်းဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်-KIA က ဒါဆိုင်းရွာနားမှာ စက်တင်ဘာ ၅ ရက်နေ့ မနက်စောပိုင်း ၁ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိတယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဗန်းမော်ကနေ ပြန်တက်လာတဲ့ ယာဉ်တန်းက မနေ့ညမှာပဲ ဒါဆိုင်းရွာအဝင်နားလောက်မှာ ပြန်ပြီး မိုင်းဆွဲ ခံလိုက်ရတာ၊ စစ်ကားတစ်စီးကတော့ ကမ်းပါးကနေ ပြုတ်ကျပြီး အောက်ကို လိမ့်ကျသွားတယ်။ ပြီးရင် စစ်သားတွေလည်း ထိခိုက်သေဆုံးတာတွေ ရှိနိုင်တယ်လို့ ပြောတယ်။ အဲ့ကြောင့် အခုအဲ့လမ်းတွေ အကုန်လုံးကို ပိတ်ထားတယ်” ဟု ၎င်းက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသော စစ်ကောင်စီယာန်တန်းသည် အင်အားဖြည့်တင်းရန် စစ်သားသီးသန့် တင်ဆောင် လာသည့် စစ်ကား ၅ စီးနှင့် စစ်ရိက္ခာများတင်လာသည့် စစ်ကား ၅ စီး ပါဝင်ပြီး နမ်ဆန်ယန်ဘက်ကို စစ်ကြောင်း ထိုးလာချိန်မှာ တိုက်ခိုက်ခံရတာဖြစ်ကြောင်း KIA ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရသည့်လမ်းပိုင်း အထက်ပိုင်းတွင်ရှိသည့် မြို့သစ်ကြိုးတံတား အတက်အဆင်းလမ်းပိုင်းတွင် စစ်ကောင်စီကနေ လမ်းပိတ်ဆို့ထားတာကြောင့် ခရီးသွား ပြည်သူတွေတချို့ ပိတ်မိနေတယ်လို့လည်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့က ဗန်းမော်ဘက်ကနေ စစ်ရိက္ခာအပြည့်နဲ့တင်ဆောင်လာသည့် စစ်ကောင်စီ ယာဉ်တန်း ၂၆ စီးသည် လက်ရှိအချိန်ထိ ဒေါ့ဖုန်းယန် စစ်တပ်စခန်းမှာသာ ဆက်လက်ရှိနေပြီး နမ်ဆန်ယန် ဘက်ကို ထွက်ခွာဖို့လည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောသည်။

KIA ထိန်းချုပ်နယ်မြေ အနီးတဝိုက် နမ်ဆန်ယန်ဘက်ကို စစ်ကောင်စီတပ်များက မြစ်ကြီးနား-ဝိုင်းမော်မြို့နယ်နှင့် ဗန်းမော် စသည့် လမ်းကြောင်းတွေကနေ စစ်ကြောင်းထိုး အင်အားဖြည့်တင်းနေတာကြောင့် မြစ်ကြီးနား-ဗန်းမော် လမ်းပိုင်းတွင် စစ်ရေးတင်းမာနေပြီး နှစ်ဖက်တပ်ကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ ၃ ရက် ကြာမြင့်လာပြီ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အလားတူ မြစ်ကြီးနား – ဗန်းမော် လမ်းပိုင်းပေါ်ရှိ ဂျာပူကျေးရွာ အနီးတဝိုက်တွင်လည်း ပြီးခဲ့သည့် တစ်လကျော် ကတည်းက နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်ဖို့ အင်အားဖြည့်တင်းထားသည့် စစ်ကောင်စီ တပ်ဖွဲ့နှင့် KIA တပ်တို့အကြား ထိတွေ့တိုက်ပွဲများ ပုံမှန်ဖြစ်ပွားနေတယ်လို့ ဂျာပူဒေသခံတစ်ဦးက ပြောဆိုသည်။

“ဒီမှာ တိုက်ပွဲမဖြစ်ရင်လည်း ၂ ဖက်တပ်ကနေ လက်နက်ကြီးတွေ ပစ်ခတ်ကြတာ ရှိတယ်။ လက်နက်ကြီးမပစ်ရင် တိုက်ပွဲက ပုံမှန်ဖြစ်နေတာ။ နေ့တိုင်းလိုလိုလည်း မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဂျာပူနဲ့ ဒဘတ်ကြားမှာ စစ်ကောင်စီတပ်တွေ စစ်ရေး လှုပ်ရှားလာပြီဆိုရင် KIA က ပစ်တာတွေလုပ်တော့ အထက်ကိုလည်း မတက်နိုင် အဲ့နားတဝိုက်မှာပဲ ရှိနေကြတယ်” လို့ ၎င်းက ပြောသည်။

ယခုလို စစ်ကောင်စီဘက်က နမ်ဆန်ယန်ဘက်ကို စစ်အင်အားနှင့် ရိက္ခာများ ပို့ဆောင်ဖို့ လုပ်ဆောင်နေတာ ကြောင့် နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာမှုတွေ ဆက်လက်ရှိနေပြီး တိုက်ပွဲများ ပြန်လည် ပြင်းထန်လာမှာကို ဒေသခံ ပြည်သူများက စိုးရိမ်နေကြကြောင်း ပြောပါသည်။

KNG ပေးပို့သည်။