ကရင်နီပြည်မှာ ဩဂုတ်လအတွင်းတိုက်ပွဲပေါင်း ၅၀ နီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ၁၁၀ ဦး သေဆုံး

By MPM 6 စက်တင်ဘာ, 2023 👁

ပြီးခဲ့သည့် ဩဂုတ်လအတွင်း ကရင်နီပြည် (ကယား) နေရာအနှံအပြားတွင် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပေါင်း ၅၀ နီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၁၀ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က စက်တင်ဘာလ ၅ ရက်နေ့က သတင်းထုတ်ပြန်သည်။

ကရင်နီပြည် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ မယ်စဲ့မြို့နယ်အတွင်း နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်မှ ဒု-ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် ၁၀၀ ကျော် သေဆုံးကြောင်းနှင့် ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့က စပြီး ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့အတွက် ဒီးမော့ဆို မြို့နယ်နှင့် ဖရူဆိုမြို့နယ်အကြားရှိ ပြည်ထောင်စုလမ်းမကြီးဘေးရှိ ကျေးရွာတွေဖြစ်သည့် ငွေတောင် ရွာသစ်၊ ကဒါးလား၊ ထီးသော်ကူး၊ ဒေါညေးခူ ကျေးရွာတွေကို စစ်ကောင်စီတပ်၏ တပ်မ (၅၅) လက်အောက်ခံ တပ်ရင်းက စစ်ကြောင်း ၃ ကြောင်းဖြင့် စစ်ကြောင်းထိုးလာသည့် အတွက် နေ့စဉ်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုသည်။

အလားတူ ဖယ်ခုံမြို့နယ်မှ လွိုင်ကော်မြို့နယ်အတွင်း ဖြတ်သန်းသွားလာသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့သည့်အပြင် ဖယ်စဲ့မြို့နဲ့ ဖားဆောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNDF ၏ သတင်းထုတ်ပြန်တွင် ဖော်ပြပါရှိသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အထိနာသောကြောင့် လေကြောင်းတိုက်ခိုက်မှု ၄၅ ကြိမ် ပြုလုပ်ခဲ့ကြောင်းနှင့် စစ်ကောင်စီဘက်က သေဆုံးမှု များသလို KNDF တပ်ဖွဲ့ဝင် ၅ ဦးလည်း ကျဆုံးခဲ့ပြီး အမျိုးသား အာဇာနည်ရဲဘော်များအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုထားသည်ဟု ဆိုသည်။

ဩဂုတ်လ တိုက်ပွဲများအတွင်း KNDF မှ စစ်သုံ့ပန်း ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ငယ် ၁၅ လက်၊ လက်နက်ကြီး ၁ လက်အပါအဝင် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိတယ်လို့ KNDF က ပြောဆိုသည်။

စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့သလို နေအိမ် ၃၀ ကျော် ပျက်စီးခဲ့ရပြီး ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်းနဲ့ စာသင်ကျောင်း ၂ ကျောင်း ပျက်စီးခဲ့ရတယ်လို့ KNDF က သတင်း ထုတ်ပြန်ထားသည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။