စစ်ကောင်စီ၏ လေယာဉ်နှင့် ဗုံးကြဲမှုတွေကြောင့် ထိုင်းရှိ ကရင်နီဒုက္ခသည်စခန်းမှ ပြည်သူများ ဗုံးခိုကျင်းတူးနေ

By MPM 5 စက်တင်ဘာ, 2023 👁

ထိုင်းနိုင်ငံ၌ ဒုက္ခသည်စခန်းအဖြစ် နှစ်ပေါင်း ၂၀ ကျော် ရှိနေခဲ့သည့် ကရင်နီ ဒုက္ခသည်စခန်းအမှတ် ၁ ရှိ စစ်ရှောင်ပြည်သူများသည် ယခုလပိုင်းအတွင်း စစ်ကောင်စီ၏ လေယာဉ်တွေက ထိုင်းနှင့် ကရင်နီပြည်နယ်စပ်တလျှောက်ကို ကင်းထောက်ပျံဝဲမှုနှင့် ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် စိုးရိမ်ထိတ်လန့်နေကြောင်း ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း လေယာဉ်သံများ အမြဲလိုလို ကြားနေရသည့်အပြင် ဒုက္ခသည်စခန်းကို ပစ်မှတ်ထား တိုက်ခိုက်လာမည်ဆိုသည့် စစ်ရှောင်အချင်းချင်းကြား ပြန့်နှံ့နေသည့် အတည်မပြုနိုင်သော ကောလဟာလ သတင်းများကြောင့် စိုးရိမ်စိတ်များဖြင့် စစ်ရှောင်တချို့သည် နေအိမ်အောက်တွင် ဗုံးခိုကျင်းများပါ တူးထားကြသည်ဟု ပြောသည်။

ဗုံးခိုကျင်းတူးထားသည့် ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ မှာ နေထိုင်သူ စစ်ရှောင်တစ်ဦးက “တူးရတဲ့ အကြောင်းရင်းက ဘယ်လိုဖြစ်ဖြစ် လုံခြုံစိတ်ချမှုတွေ မရှိတဲ့အတွက် ကာကွယ်မှုအနေနဲ့ပဲတူးတာ ဖြစ်ပါတယ်။ ပြီးရင် ကျနော်တို့ ကာကွယ်တဲ့အနေနဲ့ ဘာဖြစ်လို့လဲဆိုတော့ ဘယ်နေရာမှာမှ သွားပြောလို့ မရဘူးလေ။ ဒါကြောင့်မို့လို့ တူးခြင်းဖြစ်ပါတယ်လို့” ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ရက်နေ့က ကရင်နီဒုက္ခသည်စခန်းနှင့် ၅ ကီလိုမီတာလောက်သာ ကွာဝေးသည့် ထိုင်းနှင့် ကရင်နီပြည်နယ်စပ်ရှိ ဒေါနိုးကူးစစ်ရှောင်စခန်းကို စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုဖြစ်စဉ်ကြောင့် နယ်မြေခြင်းနီးစပ်မှုရှိသည့် ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ ကိုလည်း ပစ်မှတ်ထား တိုက်ခိုက်လာနိုင်သည်ဆိုသော ကောလဟာလကြောင့် စခန်းရှိ စစ်ရှောင်ပြည်သူတွေက စိုးရိမ်နေကြသည်။

“ကျမတို့ကြားရတာက ရပ်ကွက်ထဲမှာ တချို့တွေက သူတို့က စိုးရိမ်စိတ်တွေရှိပြီး ဗုံးခိုကျင်း တူးတာတွေ ရှိတယ်။ ဘယ်လောက်တူးတာလဲဆိုတာ ကျမတို့ တိတိကျကျ မသိဘူးပေါ့နော်။ ကျမ ရပ်ကွက်မှူးတွေ မေးကြည့်တော့ တချို့ တကယ်တူးတာတွေ ရှိတယ်။ သူတို့တွေ စိုးရိမ်တယ်၊ လေယာဉ်တွေက အမြဲလာတယ်။ ပြီးတော့ လက်နက်သံတွေက နီးနီးကြားရတယ်၊ အဲ့လိုတွေကြားရတော့ တချို့ ထပြေးတာတွေ ရှိတယ်ပေါ့နော်” လို့ ကရင်နီဒုက္ခသည်စခန်းရဲ့ စခန်းအုပ်ချုပ်ရေးကော်မတီ ဥက္ကဌနော်မူသောက ပြောသည်။

စစ်ကောင်စီတပ်သည် ထိုင်း- ကရင်နီပြည်နယ်စပ်ရှိ သူတို့၏ တပ်စခန်းများကို စစ်အင်အားနှင့် ရိက္ခာများ ဖြည့်တင်းရာမှာ ရဟတ်ယာဉ်တွေ၊ စစ်လေယာဉ်တွေကို အသုံးပြုနေသည့် အပြင် နယ်စပ်က ကရင်နီတပ်၏ စခန်းကုန်းတွေကိုလည်း လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံများထံက သိရသည်။

ကရင်နီဒုက္ခသည်စခန်းအမှတ် ၁ သည် ထိုင်းနိုင်ငံနယ်နမိတ်အတွင်း တည်ရှိနေတာကြောင့် စစ်ကောင်စီ တပ်တွေက ပစ်မှတ်ထား တိုက်ခိုက်လာနိုင်သည့် အလားအလာနည်းတယ်လို့ ကရင်နီပြည်အစိုးရ (KNPP) ရဲ့ တရားရေးဝန်ကြီး ခူးတော်ရယ်အက်စ်က ပြောဆိုသည်။

“သူများဘာမှမလုပ်သေးဘဲနဲ့ အရမ်းကြောက်နေရင်လဲ ကြောက်ပြီး သေတတ်တာလဲရှိတယ်လေ။ ဗမာ စစ်သားတွေ အဲ့လိုလာလုပ်မယ်ဆိုရင် ကျနော်တို့ လေ့လာနားထောင်၊ သိရှိတာကတော့ သူတို့ အစီအစဉ်တွေ ကြည့်ရတာ သူများနိုင်ငံထဲမှာ အဲလိုလုပ်မယ်ဆိုတာ မကြားရဘူးပေါ့နော်၊ မြင်လဲ မမြင်ဘူးနော်” ဟု ၎င်းက ပြောသည်။

ထိုင်း – ကရင်နီနယ်စပ်တွင် ကရင်နီဒုက္ခသည်စခန်း ၂ ခု ရှိပြီး လူဦးရေအားဖြင့် ၁သောင်းကျော် ရှိနေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

လွန်ခဲ့သည့် ၁၉၉၇ – ၉၈ ခုနှစ် အတွင်းက ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) နှင့် ထိုင်းနိုင်ငံအတွင်းက ကျေးရွာတချို့သည် စစ်ကောင်စီ၏ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကို ခံခဲ့ရကြောင်းနှင့် နေအိမ်တချိူ့ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့တယ်လို့ စခန်းနေပြည်သူများရဲ့ ပြောပြချက်အရ သိရသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။