ပဲခူးတိုင်း၊ မုန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းအား KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်နိုင်

By MPM 3 စက်တင်ဘာ, 2023 👁

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် မုန်းမြို့နယ် အတွင်းရှိ သစ်ချဆိပ် စစ်ကောင်စီတပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များမှ စက်တင်ဘာလ ၁ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ထုတ်ပြန်ချက်အရ သိရသည်။

KNLA အပါအဝင် ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO နှင့် အခြားတော်လှန်ရေး အင်အားစုများ ပူးပေါင်း ပါဝင်သော အဆိုပါတိုက်ပွဲကို ဩဂုတ်လ ၃၁ ရက်နေ့ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ၁၅ ဦး သေဆုံးခဲ့ပြီး ပူးပေါင်းတပ်ဘက်မှ ၂ ဦး သေဆုံးခဲ့သည်ဟု စက်တင်ဘာ ၂ ရက်နေ့တွင် ထုတ်ပြန်သည့် KNU ၏ အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စခန်းကတော့ သိမ်းနိုင်သွားပါတယ်။ သိမ်းပြီးတော့ ပြန်ဆုတ်ရတာပေါ့၊ ဆုတ်ပြီး စခန်းပတ်လည်မှာ နေရာယူတာတို့ မဟုတ်ရင်လည်း နဂိုနေရာ ပြန်သွားတာတို့ လုပ်ရတယ်။ လေယာဉ်နဲ့ တက်လာကြဲတော့ သိမ်းပြီး ဒီတိုင်းနေလို့ မရဘူးလေ” ဟု တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သူက ပြောဆိုသည်။

အဆိုပါစခန်းအား သိမ်းပိုက်ရမိစဉ် စစ်ကောင်စီတပ်များထံမှ လက်နက်ငယ်များလည်း သိမ်းဆည်း ရမိခဲ့ကြောင်း နှင့် တိုက်ပွဲဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီဘက်မှ ဒေသခံများ နေထိုင်ရာ နေအိမ်များ၊ ကျောင်းနှင့် ဆေးရုံဝင်းများ အတွင်းမှ တုံ့ပြန်ပစ်ခတ်ခြင်း၊ လက်နက်ကြီး ပစ်ကူတိုက်ခိုက်ခြင်းနှင့် လေကြောင်းမှ တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပြောဆိုထားသည်။

အဆိုပါသစ်ချဆိပ်စခန်းတွင် တပ်စွဲနေထိုင်သော စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ- ၄၃၉၊ ခလရ- ၆၀ နှင့် ခြေမြန်တပ်ရင်း ခလရ- ၃၅၀ နှင့် ခလရ- ၃၅၁ တပ်များမှ တပ်ဖွဲ့ဝင်များသည် ပြည်သူလူထုပိုင်ပစ္စည်းများ သိမ်းယူခြင်း၊ စစ်ဆေးမေးမြန်းခြင်း၊ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်ခြင်းတို့ လုပ်ဆောင် လျက် ရှိသည်ဟုလည်း KNU နှင့် ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက “ စခန်းတိုင်းလိုလိုပဲ ပစ္စည်းသိမ်းတာက တခါကလည်း ကျမ ဝယ်ထားတာတွေ တစ်သိန်းကျော်ဖိုးလောက် အသိမ်းခံရတယ်” ဟု ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားချိန်တွင် အဆိုပါစခန်းနှင့် နီးစပ်သည့်ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင် ခဲ့ရသည်ဟု ဒေသခံများ၏ ပြောဆိုမှုအရ သိရှိရပြီး ဒေသခံလူထု ထိခိုက်သေဆုံးမှု အခြေအနေနှင့် အဆောက်အဦး ပျက်စီးမှု အခြေအနေများအား သိရှိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

အလားတူ လက်ရှိတွင် ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း နှစ်ဖက်တိုက်ပွဲများနှင့် နယ်မြေ မတည်ငြိမ်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေ ၂ သိန်း ကျော် ရှိလာနေသည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်-KPSN ၏ မှတ်တမ်းပြုစုမှုများအရ သိရသည်။

ကေအိုင်စီ ပေးပို့သည်။