စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးသူငယ် ကာကွယ်ဆေးထိုးနှံပေးမှုများ မရှိရာမှ ယခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က စတင်ပြီး ကလေးသူငယ်ကာကွယ်ဆေးများကို ထိုးနှံပေးလျက် ရှိသည်ကို ဒေသခံများနှင့် လူမှုရေးအသင်းအဖွဲ့များထံက သိရသည်။
ယင်းသို့ ကာကွယ်ဆေးထိုးနှံမှုကို စက်တင်ဘာလ ၁ ရက်နေ့က စတင် ထိုးနှံပေးလျက်ရှိရာတွင် ပထမရက် အတွင်းမှာပင် လူတစ်ထောင်နီးပါးမျှ လာရောက်ထိုးနှံကြကြောင်း ဒေသခံများထံက သိရသည်။
“၈၀၀ လောက်လာတယ်၊ ပထမတော့ မနက်ပိုင်းပဲ ထိုးပေးဖို့ပဲ၊ နောက်တော့ လူလည်းတအားများတာနဲ့ တနေကုန် ထိုးပေးပါတယ်” ဟု ဗန်းမောက်မြို့ လူမှုရေးအသင်းအဖွဲ့တစ်ခုမှ ဦးဆောင်သူတစ်ဦးက ဆိုသည်။
စစ်အုပ်ချုပ်ရေး Martial Law ကြေညာထားသည့် ဗန်းမောက်မြို့တွင် ကလေးကာကွယ်ဆေး ထိုးနုံပေးခြင်း မရှိခြင်းကြောင့် ယခုနှစ် ၂၀၂၃ နှစ်ဦးပိုင်းအထိ ကလေးမိဘတချို့မှာ ၎င်းတို့၏ကလေးငယ်များကို ကသာမြို့တွင် ကာကွယ်ဆေး သွားရောက်ထိုးနှံ ကြရသည်ဟု ပြောသည်။
ထိုသို့ ကာကွယ်ဆေး သွားရောက်ထိုးနှံရာတွင်လည်း နိုင်ငံရေးနှင့် တိုက်ပွဲ ပဋိပက္ခများကြောင့် လမ်းပိတ်ဆို့မှုများ ရှိသဖြင့် မိမိတို့ရင်သွေးများ ကာကွယ်ဆေးထိုးနှံခွင့် ဆုံးရှုံးခဲ့ရကြောင်းနှင့် ယခုမှသာ ဗန်းမောက်မြို့အတွင်း ပြန်လည်ထိုးနှံနိုင်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

ပုံစာ – ဗန်းမောက်တွင် ကလေးသူငယ်ကာကွယ်ဆေး လာရောက်ထိုးနှံနေသည့်မြင်ကွင်း။
ယင်းသို့ ဗန်းမောက်မြို့၌ ကလေးကာကွယ်ဆေးထိုးနှံမှုကို စက်တင်ဘာလ ၁ ရက်နေ့ မှ ၇ ရက်နေ့ အထိ လုပ်ကိုင်ဆောင်ရွက် သွားမည်ဟုလည်း မြို့မိမြို့ဖတစ်ဦးဖြစ်သည့် ဦးမောက်ခမ်းက ပြောဆိုသည်။
“အစတော့ တချို့နယ်ဘက်တွေမှာ နိုင်ငံရေးလည်း မကောင်းဘူးဆိုတော့ ဒီလောက်လာမယ်လို့ မထင်ဘူး။ ကျွန်တော်တို့က ကလေးတွေ အခွင့်အရေး မဆုံးရူံးရအောင် ကြားကနေ ဆောင်ရွက်ပေးရတာဆိုတော့ အခုလို လာကြတာတွေ့တော့ သူတို့အတွက် ဝမ်းသာတာပေါ့ဗျာ” ဟု ၎င်းက ဆက်ပြောသည်။
ယင်းသို့ ကာကွယ်ဆေးဝါးများ ရရှိရန်အတွက် စစ်ကိုင်းတိုင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးမှ တဆင့် ဆက်သွယ်၍ လမ်းပိုင်းသယ်ယူမှုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအား အကူအညီတောင်းခံခဲ့ရကြောင်း ဗန်းမောက်မြို့ လူမှုရေးအဖွဲ့အစည်းတစ်ခု၏ ဦးဆောင်နာယကဖြစ်သူ ဦးမောက်ခမ်းက ပြောသည်။
ကာကွယ်ဆေး သယ်ယူမှုကို ရှမ်းနီအမျိုးသားများတပ်မတော် SNA က လမ်းပိုင်းသယ်ယူမှုတွင်
ကူညီဆောင်ရွက် ပေးခဲ့ကြောင်း ဗန်းမောက်မြို့ ဒေသခံများထံက သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သတ်ပြီး နယ်မြေခံ SNA အရာရှိတစ်ဦးက “ကာကွယ်ဆေးဆိုတော့ ဒါက နိုင်ငံရေးနဲ့ မဆိုင်တော့ဘူးလေ၊ အရေးလည်း ကြီးတယ်လေ၊ အရပ်ဖက် အဖွဲ့အစည်းက အကူအညီတောင်းလာလို့ ကျွန်တော်တို့က ကြားထဲက ဆေးဝါးသယ်ယူရေးကို ကူညီခဲ့တာပါ။ တခြား ဘာရည်ရွယ်ချက်မှ မပါပါဘူး၊ ကျွန်တော်တို့ ထိန်းချုပ်ထားတဲ့နယ်ဘက်က ကလေးမိဘတွေကိုလည်း သွားခိုင်းပါတယ်” ဟု အတည်ပြု ပြောဆိုသည်။
ဗန်းမောက်မြို့နယ်တွင် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှ စ၍ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ဆေးပေးခန်းများကို ပိတ်ထားခဲ့ရပြီး ဗန်းမောက်မြို့ပေါ်တွင်သာ ဆေးကုသခွင့် ပေးနေကြောင်းလည်း ဒေသခံများထံက သိရသည်။
ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။