စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်အပါအဝင် နိုင်ငံအနှံ့အပြား စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက် မှုများတွင် ပြည်တွင်းထုတ် ထပ်ဆင့်ပေါက်ကွဲဗုံးများ cluster (ပဒေသာဗုံးများ) ပြန်လည်အသုံးပြုနေသည်ဟု ထပ်ဆင့်ပေါက်ကွဲလက်နက်များ စောင့်ကြည့်လေ့လာရေးအဖွဲ့Cluster Munition Coalition (CMC) က ထုတ်ပြန်သည်။
ပြီးခဲ့သည့် ၁၃ လ အတွင်း ချင်း၊ ကရင်နီ၊ ကရင်နှင့် ရှမ်းပြည်နယ်တို့၌ စစ်ကောင်စီက လေကြောင်းတိုက်ခိုက် ရာတွင် ထပ်ဆင့်ပေါက်ကွဲဗုံး (ပဒေသာဗုံး) များကို အသုံးပြုခဲ့ပြီး ၂၀၂၃ ဇွန်လဆန်းပိုင်းအထိ နောက်ဆုံး အသုံးပြုထားမှုကို တွေ့ရသည်ဟု CMC (Cluster Munition Monitor) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၁၀ နှစ်ကျော်က ထပ်ဆင့်ပေါက်ကွဲလက်နက် ကြားခံပစ္စည်း မှတ်တမ်းများကို တွေ့ရသော်လည်း ယခုကဲ့သို့ ထုတ်လုပ်ခြင်းနှင့် အသုံးပြုခြင်းကို မတွေ့ရှိခဲ့ရကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
သို့သော် ၂၀၂၁ မှ စတင်၍ ၂၀၂၃ ဇွန်လဆန်း အထိ နိုင်ငံနေရာအနှံအပြားတွင် ပြည်တွင်းထုတ် ထပ်ဆင့်ပေါက်ကွဲ ဗုံးများကို အသုံးပြုနေသည်ကို သက်သေများနှင့်တကွ အထင်အရှားတွေ့ရှိလာရကြောင်း CMC အစီရင်ခံစာက ပြောဆိုသည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ပြီးခဲ့သည့် ဧပြီလက ထပ်ဆင့်ပေါက်ကွဲဗုံး အသုံးပြုတိုက်ခိုက်ခံရမှု ထပ်မံ ဖြစ်ပွားရာ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှု ရှိခဲ့သည်ဟု ယင်းအစီရင်ခံစာက ဆိုသည်။
၂၀၂၂ ဇူလိုင်ကလည်း မင်းတပ်မြို့တွင် အရပ်သားပြည်သူ ၁၃ ဦး ကို ထိခိုက်စေသော စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုတွင် ထပ်ဆင့်ပေါက်ကွဲဗုံး အပိုင်းအစများ တွေ့ရှိရသည်ဟု CMC က ထုတ်ပြန်သည်။
မင်းတပ်မြို့တွင် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများကို အရေးယူနိုင်ရန် စနစ်တကျ ပြုစုထားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်းက ပြောသည်။
“ဗုံးပဒေသာနဲ့ တိုက်ခိုက်မှုကို ဒီလိုမှတ်တမ်းတင်ထားတာကို ကျေးဇူးတင်တယ်။ တချိန်ချိန်မှာ ဒီဟာတွေကနေ ဒေတာတွေနဲ့ စစ်အာဏာရှင်တစ်စုကို အရေးယူနိုင်မှာပေါ့နော်။ ဒီထက်မကတဲ့ ဒေတာတွေလည်း စစ်ရာဇဝတ်မှု ကျူးလွန်တာတွေကို ကျနော်တို့ဆီမှာ ရှိပါတယ်။ ကျနော်တို့မှာလည်း နိုင်ငံတကာကိုချပြဖို့ စနစ်တကျ ပြုစုထားတဲ့ ဒေတာတွေရှိတယ်” ဟု ၎င်းက ပြောဆိုသည်။
ထပ်ဆင့်ပေါက်ကွဲဗုံးများဖြင့် တိုက်ခိုက်မှုသည် မကြာသေးမီက နိုင်ငံ၏ အနောက်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့၌ ပိုမိုပြင်းထန်းလာသော တိုက်ပွဲများတွင် တစ်စိတ်တစ်ပိုင်း အသုံးပြုခဲ့ခြင်းကြောင့် အရပ်သားပြည်သူများ သေဆုံးခြင်း၊ နေအိမ်များ ပျက်စီးခြင်းနှင့် စစ်ဘေးရှောင်ပြေးရခြင်းတို့ ထပ်မံဖြစ်ပေါ်စေသည်ဟု CMC အစီရင်ခံစာက ဆိုသည်။
ထပ်ဆင့်ပေါက်ကွဲစေသော ဗုံးကို စစ်ကောင်စီတပ်ပိုင် လက်နက်ထုတ်လုပ်ရေး စက်ရုံများမှ ထုတ်လုပ်ပြီး ကြွင်းကျန်ဗုံး အပိုင်းအစများကို မည်သည့်နေရာတွင် ထုတ်လုပ်တပ်ဆင်သည်ကို မတွေ့ရကြောင်း၊ အစိမ်းရောင် သုတ်ထားသော တချို့ဗုံးကိုယ်ထည်များတွင် အင်္ဂလိပ်စာနှင့် ထိုင်းဘာသာစာတန်းများ ပါရှိ၍ ဗုံးကိုယ်ထည်ကို ထိုင်းနိုင်ငံတွင် ထုတ်လုပ်ကြောင်း ညွှန်ပြနေသည်ဟု CMC ၏ အစီရင်ခံစာက ဆိုသည်။
အဆိုပါလက်နက်ပစ္စည်းတွင် ဆင့်ကွဲယမ်းများအဖြစ် ၁၂၀ မီလီမီတာ အလျားရှိသော မော်တာကျည်ဆံများ ပါရှိပြီး တစ်ခုစီတွင် ပလပ်စတစ်ဒလက်တံတစ်ခုဖြင့် စနက်တံကို ချိတ်ထားပြီး၊ ထိမိသည်နှင့် ယမ်းခဲများကို ပေါက်ကွဲ စေသည်ဟု CMC အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထပ်ဆင့်ပေါက်ကွဲစေသောဗုံးသည် အသုံးပြုချိန်တွင် တချို့အစိတ်အပိုင်းများမှာ ထပ်ဆင့်မကွဲဘဲ ကျန်ရှိပြီး မြေမြုပ်ဗုံးကဲ့သို့ နောင်မှထပ်မံပေါက်ကွဲ၍ အရပ်သားပြည်သူများကိုလည်း ထိခိုက်စေကြောင်းနှင့် မြန်မာနိုင်ငံ သည် ထပ်ဆင့်ပေါက်ကွဲစေသော ဗုံးအသုံးပြုမှု တားမြစ်ချက် ၂၀၀၈ ခုနှစ် သဘောတူညီကို လက်မှတ်ရေး မထိုးထားကြောင်း သိရသည်။
Cluster Munitions Coalition အဖွဲ့သည် ကမ္ဘာတဝန်း နိုင်ငံပေါင်းတရာကျော်တွင် အခြေစိုက်ပြီး ထပ်ဆင့်ဗုံး ပေါက်ကွဲလက်နက်များ စောင့်ကြည့်လေ့လာရေး အဖွဲ့ကြီးတစ်ခု ဖြစ်သည်။
KMG ပေးပို့သည်။