ကွတ်ခိုင်နှင့် မူဆယ်တွင် TNLA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေ

0
447
ပုံစာ - ကွတ်ခိုင်နှင့် မူဆယ်တွင် TNLA နှင့် စစ်ကောင်စီတို့ တိုက်ပွဲရက်ဆက်ဖြစ်ပွားနေသည်။

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ် မြောက်ရေးတပ် (TNLA) တို့ ၃ ရက်ကြာ ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဩဂုတ် ၃၀ ရက် နံနက် ၇ နာရီခွဲခန့်က စစ်ကောင်စီတပ် နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းဘက်က လက်နက်ကြီးဖြင့် ကျေးရွာဘက်ကို ပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံးပေါ်ကို လက်နက်ကြီးကျည်ကျပေါက်ကွဲရာမှ ၁၅ နှစ်အရွယ် မိန်းကလေး သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု TNLA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး တာအိုက်ကျော်က ပြောဆိုသည်။

“မနေ့ကတော့ သူတို့ရဲ့လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်လိုက်လို့ အရပ်သား ၄ ဦး ထိမှန်ခဲ့တယ်။ ၁၅ နှစ် အရွယ် မိန်းကလေးတစ်ဦးကတော့ ဦးခေါင်းကို ထိမှန်ပြီး သေဆုံးခဲ့တယ်” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ဩဂုတ် ၃၁ ရက် နံနက် ၁၀ နာရီခန့်ကလည်း နမ့်ဖတ်ကာ စျေးအောက်ရှိ အိမ်တစ်လုံးအပေါ် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ရာမှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အလားတူ ယင်းနေ့တချိန်တည်းတွင် နမ့်ဖတ်ကာရွာထိပ်ဘက်၌ လက်နက်ကြီးကျည် ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၂ ဦး ထိမှန်ခဲ့ရာတွင် ၁ ဦး သေဆုံးခဲ့ပြီး ကျန် ၁ ဦးမှာ ဒဏ်ရာပြင်းထန်သည့်အတွက် ကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ဒေသခံများက ဆက်ပြောပါသည်။

မူဆယ်မြို့နယ်၊ ဆယ်လန့်ရွာ အနီးတွင်လည်း မြေပြင်တိုက်ပွဲ ဖြစ်ပွားခြင်းမျိုး မဟုတ်ဘဲ TNLA တပ်စခန်းရှိရာ လွယ်ထယ်မိန်း တောင်ပေါ်သို့ စစ်ကောင်စီတပ်က ဩဂုတ်လ ၂၈ ရက်မှ စတင်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု TNLA သတင်းပြန်ကြားရေးက ပြောသည်။

ယင်းအပြင် ဩဂုတ် ၃၁ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် လာရောက် ပစ်ခတ်ခဲ့ကြောင်း TNLA သတင်းပြန်ကြားရေးထံက သိရသည်။

စစ်ကောင်စီတပ်က ယင်းကဲ့သို့ ပစ်ခတ်မှုများကြောင့် ဆယ်လန့်ရွာမှ ဒေသခံတစ်ထောင်ကျော်သည် နီးစပ်ရာရွာများသို့ သွားရောက်ခိုလှုံနေကြရသည်ဟု ဒေသခံများက ပြောသည်။

နမ့်ဖတ်ကာရွာနှင့် ဆယ်လန့်ရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်မ ၉၉ လက်အောက်ခံ ခလရ တပ်ရင်း ၅ ရင်း၊ ကွတ်ခိုင် အခြေစိုက် အမှတ် ၄၅ တပ်ရင်း တစ်ခုတို့နှင့်အတူ လုံထန်နှင့် နမ့်ခမ်းမြို့မ အမှတ် ၁၊ ၂၊ ၃ စသည့် ပြည်သူ့စစ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်နေခြင်းဖြစ်ကြောင်း TNLA ထံမှ သိရသည်။

လက်ရှိအချိန်အထိ နမ့်ဖတ်ကာနှင့် ဆယ်လန့်ရွာတို့တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်တို့အကြား နှစ်ဖက် စစ်ရေး တင်းမာနေဆဲဖြစ်ကြောင်း ဒေသခံများနှင့် TNLA ထံမှ သိရသည်။

ယခုကဲ့သို့ ရက်ဆက်ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက် ကျဆုံးသည့် အခြေအနေ အသေးစိတ်ကို နယ်မြေရှင်းလင်းရေး မလုပ်နိုင်သေးသည့်အတွက် မသိရသေးကြောင်း TNLA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာအိုက်ကျော်က ပြောဆိုသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here