စစ်ကောင်စီနှင့် အခြားလက်နက်ကိုင်တပ်ဖွဲ့များကြောင့် အတင်းအဓမ္မပျောက်ဆုံးရသူ ၇၂ ဦးနှင့် အထက်ရှိဟု KHRG ထုတ်ပြန်

0
367
ပုံစာ- KHRG ၏ ထုတ်ပြန်ချက် (Photo –KHRG)

ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေများ အပါအဝင် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် စစ်ကောင်စီနှင့် အခြားလက်နက်ကိုင်တပ်ဖွဲ့များကြောင့် အတင်းအဓမ္မပျောက်ဆုံးမှုဒဏ်ခံရသူ အရပ်သား ၇၂ ဦးနှင့် အထက် ရှိနေသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG က ထုတ်ပြန်သည်။

အတင်းအဓမ္မ ပျောက်ဆုံးမှုဒဏ်ဟု ဆိုရာတွင် အစုအဖွဲ့ (သို့) လူတစ်ဦးဦးက ရည်ရွယ်ချက်ရှိရှိဖြင့် ပျောက်ဆုံးစေရန် လုပ်ဆောင်သည့် ဥပဒေဘောင် ပြင်ပရှိလုပ်ရပ် ဖြစ်ပြီး ဩဂုတ် ၃၀ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အတင်းအဓမ္မပျောက်ဆုံးမှုဒဏ်ခံရသူများနေ့တွင် ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG က ထိုသို့ထုတ်ပြန်ခြင်းဖြစ်သည်။

အတင်းအဓမ္မ ပျောက်ဆုံးစေမှုဟု ဆိုရာ၌ အစုအဖွဲ့(သို့မဟုတ်)လူတစ်ဦးဦးက ရည်ရွယ်ချက်ရှိရှိဖြင့် ပျောက်ဆုံးစေရန်လုပ်ဆောင်သည့် ဥပဒေဘောင်ပြင်ပရှိ လုပ်ရပ်ဖြစ်သလို ပျောက်ဆုံးရသူ အများစုမှာ အမျိုးသားများ ဖြစ်၍ လက်ရှိမြေပြင်တွင်လည်း ၇၂ ဦးနှင့် အထက် များစွာပိုနေနိုင်သည်ဟု KHRG က ပြောဆိုထားသည်။

KHRG ၏ ထုတ်ပြန်ချက်ပါ ပြောခွင့်ရသူ စောနန္ဒဆူးက “ဘယ်အဖွဲ့က ကျူးလွန်တာဖြစ်ဖြစ် ဒါဟာ ဆိုးရွားတဲ့ ရာဇဝတ်မှုကို ကျူးလွန်တာ ဖြစ်ပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ဥပဒေလို့ခေါ်တဲ့ နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေကို သိရှိလိုက်နာမယ်ဆိုရင်တော့ ဒီဖြစ်စဉ်တွေကို လျှော့ချနိုင်သလို ဂုဏ်သိက္ခာကိုလည်း မြှင့်တင်နိုင်ပါတယ်” ဟု ပြောသည်။

အတင်းအဓမ္မပျောက်ဆုံးမှု ဆိုရာတွင် မိသားစုဝင်များသို့ အသိပေး အကြောင်းကြားခြင်းမရှိဘဲ စစ်ကောင်စီ၏ ဖမ်းဆီး ထောင်ချခံရခြင်း၊ လမ်းပြလူသားဒိုင်းကာအဖြစ်ခံရခြင်း၊ မြေမြှုပ်မိုင်းရှင်းလင်းရေး ကိရိယာအဖြစ် အသုံးပြု ခံရခြင်းအပြင် ကရင်ပြည်နယ်အတွင်း လှုပ်ရှားနေသော လက်နက်ကိုင်တပ်ဖွဲ့များမှ ဒလန်ဟု စွပ်စွဲ ခံရရာမှ အဓမ္မပျောက်ဆုံးစေခြင်း အမျိုးမျိုးရှိပြီး ယင်းသည် နိုင်ငံတကာလူသားစာနာမှု ဥပဒေကို ဖောက်ဖျက်ခြင်း ဖြစ်ကြောင်း KHRG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ အရပ်ဘက်နှင့် လူထုအခြေပြု အဖွဲ့စည်းများ အနေဖြင့်လည်း အဓမ္မပျောက်ဆုံးစေမှုနှင့် ပတ်သက် သည့် အသိပညာပေးရေးနှင့် စည်းရုံးလှုံဆော်ရေး လုပ်ငန်းများ၊ ကျူးလွန်ခံရသူများနှင့် မိသားစုဝင်များ၏ အသံကို ထုတ်ဖော်ခြင်းဖြင့် တရားမျှတမှု ရှိစေရေး လုပ်ဆောင်ရန် လိုအပ်သည်ဟုလည်း KHRG ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

တရားမျှတမှုအတွက် နိုင်ငံတကာနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများသို့ အဓမ္မပျောက်ဆုံးမှု ပပျောက်စေရေး တိကျ၍ ထိရောက်သော လုပ်ဆောင်မှုများလုပ်ရန်၊ ကျူးလွန်သူများအနေဖြင့် တာဝန်ခံမှု ရှိစေရေး ဖိအားပေးရန်နှင့် စုံစမ်းစစ်ဆေးရေး ယန္တရားတည်ဆောက်၍ ကြိုတင်ကာကွယ် တားဆီးမှုများ လုပ်ရန် စသော အချက်လေးချက်ကိုလည်း KHRG က တိုက်တွန်းထားသည်။

စောနန္ဒဆူးက “တာဝန်ရှိသူတွေအနေနဲ့က သူတို့ရဲ့နယ်မြေထဲမှာ တရားဥပဒေ စိုးမိုးမှုရှိအောင် ဆောင်ရွက်ဖို့ လိုမှာပါ။ ဒါဆိုရင် အတင်းအဓမ္မ ပျောက်ဆုံးခံရမှုတွေက ဖြစ်စရာအကြောင်း မရှိပါဘူး။ စစ်ဆေးရေး ယန္တရား ဖွဲ့စည်းတဲ့အခါမှာ နယ်မြေအတွင်းမှာ အခြေစိုက်နေတဲ့ အစိုးရ၊ အရှေ့တောင်ပိုင်းမှာဆိုရင် KNU တို့ NUG တို့ ရှိမယ်၊ သူတို့လက်အောက်က လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိမယ်။ နိုင်ငံတကာအဆင့် ဘက်လိုက်မှုမရှိတဲ့ ကျွမ်းကျင်သူတွေလည်း ပါဝင်ရပါမယ်” ဟု ပြောဆိုသည်။

ထို့အပြင် ချိုးဖောက်မှုများ၏ အဖြစ်အပျက်ကို စုံစမ်းလေ့လာ၍ တိုင်းရင်းသား ဒေသများနှင့် မြန်မာပြည် တောင်ပိုင်းဒေသ အပါအဝင် မြန်မာနိုင်ငံအနှံ့သို့ လိုအပ်နေသော အကူအညီများပေးရန်နှင့် ကျူးလွန်သူများ နှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် တရားမျှတမှု၊ ဆက်လက်ရှင်သန်နိုင်ရေး ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုများ လုပ်ဆောင်ပေးရန်လည်း လိုအပ်သည်ဟု KHRG ၏ ထုတ်ပြန်ချက်၌ တိုက်တွန်းထားသည်။

လက်ရှိတွင် စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ရာတွင် ၎င်းတို့၏ လုံခြုံရေးအတွက် စစ်ကြောင်းဝင်ရာ လမ်းကြောင်းရှိ ကျေးရွာများမှ ဒေသခံများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ မသင်္ကာစရာ တွေ့ရှိပါက အတည်ပြု စစ်ဆေးခြင်း မပြုဘဲ သတ်ဖြတ်အလောင်းဖျောက်ခြင်းတို့ကို အများအားဖြင် လုပ်ဆောင်လျက် ရှိသည်ကို ဒေသခံများ၏ ထုတ်ဖော်ပြောဆိုမှုများအရ သိရသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here