ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်၊ ပျဉ်ရေကြီးကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် နေအိမ်တစ်အိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ရာမှ သားအမိနှစ်ဦး သေဆုံးခဲ့ပြီး မိသားစုဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံက သိရသည်။
ဩဂုတ်လ ၂၉ ရက်နေ့ နေ့လယ်ပိုင်းက ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီ ခြေလျှင်တပ်ရင်း ခလရ-၂၆၄ မှ ၁၂၀ မမ အမျိုးအစား လက်နက်ကြီးများဖြင့် ၃ ကြိမ် တိုင်တိုင် ပစ်ခတ်ခဲ့သဖြင့် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးနှင့် မိခင်ဖြစ်သူတို့ လက်နက်ကြီးကျည်စ ထိမှန်သေဆုံးပြီး ကျန်မိသားစုဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ-ဗဟို၏ သတင်းထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားသည်။
ရွှေကျင်မြို့ခံအမျိုးသမီးတစ်ဦးက “မိသားစုငါးယောက်နေတဲ့ အိမ်တစ်အိမ်ပေါ်ကို ကျတာ၊ ကလေးမလေးက ခေါင်းထိပြီး ပွဲချင်းပြီးဆုံးတယ်။ သူ့အမေကတော့ ခါးကိုထိတာ ဆေးရုံရောက်မှ ဆုံးတယ်။ စစ်တပ်က နေ့တိုင်း လက်နက်ကြီးနဲ့ စိတ်မထင်ရင်ထင်သလို လှမ်းလှမ်းထုတယ်၊ နှစ်ဖက်စလုံး တိုက်ပွဲကလည်း ဖြစ်နေတာပဲ။ လက်ရှိကတော့ အဲဒီပျဉ်ရေကြီးရွာက ဒေသခံတွေကတော့ ရွာမှာမနေတော့ဘူး ပြေးကုန်ပြီ” ဟု ပြောသည်။
ထို့သို့ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျဉ်ရေကြီး ကျေးရွာအတွင်းရှိ ဒေသခံနေအိမ် ၅ လုံး လည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရွှေကျင်မြို့နယ်အတွင်း၌ စစ်ကောင်စီတပ်များသည် မြို့အထွက်တွင် နေရာယူပြီး အနီးရှိ ညောင်လေးပင် မြို့နယ်ဘက်သို့ လည်းကောင်း၊ ညောင်လေးပင် ပုဇွန်မြောင်းတွင် ခြေကုပ်ယူထားသော စစ်ကောင်စီ တပ်များက ရွှေကျင်မြို့နယ်ဘက်သို့ လည်းကောင်း မကြာခဏ ပစ်ခတ်တိုက်ခိုက်နေလို့ ကျေးရွာတချို့မှ ဒေသခံများသည် လက်ရှိအချိန်ထိ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောဆိုသည်။
ဩဂုတ်လ ၂၈ ရက်နေ့ မနက်ပိုင်းကလည်း စစ်ကောင်စီတပ် ခလရ-၂၆၄ မှ ရွှေကျင်မြို့နယ်၊ ချုံအင်းကျေးရွာ၊ ဝက်ချဲကျေးရွာ၊ ရေတွင်းကုန်းကျေးရွာ၊ ကျောင်းကုန်းကျေးရွာများသို့ လက်နက်ကြီးဖြင့် ၁၀ ကြိမ် တိုင်တိုင် ပစ်ခတ်ခဲ့သဖြင့် ရေတွင်းကုန်းကျေးရွာရှိ နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ KNU ထိန်းချုပ်နယ်မြေ၊ မုန်းမြို့နယ်တွင်လည်း ဩဂုတ်လ ၂၈ ရက်နေ့ ညပိုင်းက လက်တပ်ကြီး ကျေးရွာသို့ စစ်ကောင်စီက ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် အသက် ၂၇ နှစ် အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဆက်ဖော်ပြထားသည်။
KNU ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် ၃ ခု လုံးတွင် စစ်ကောင်စီတပ်များ မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခြင်း၊ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်ခံရခြင်း အပါအဝင် စစ်ကောင်စီ၏ အရပ်သားများအပေါ် အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ဒေသခံ သိန်းနှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။
ကေအိုင်စီ ပေးပို့သည်။