တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောဒေသနှင့် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ထဲကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ဒေသခံ ၂၀ ကျော်ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံများက ပြောသည်။
တပ်အင်အား ၁၀၀ နီးပါး ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် သြဂုတ် ၂၁ ရက်နေ့ကစပြီး တောင်ပျောက် တိုက်နယ်ထဲတွင် ရွာစဉ်လှည့် စစ်ကြောင်းထိုးနေပြီး၊ ယင်းတို့ ချီတက်ရာလမ်းတလျှောက်ရှိ ကျေးရွာများမှ ဒေသခံ ၂၀ ကျော်ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားပြီး ဝင်းကဖော်ကျေးရွာထဲတွင် တပ်စွဲနေထိုင်သည်ဟု ဒေသခံများထံက သိရသည်။
အဆိုပါစစ်ကြောင်းသည် သြဂုတ် ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ဝင်းကဖော်ကျေးရွာကနေ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားသော ဒေသခံများကို ခေါ်ဆောင်သွားပြီး ဗျက်ဝိသာ ကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာ သွားသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထားဝယ်အရှေ့တော ဒေသတွင်လည်း ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်နေ့က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သည် ရမ္မဇူ၊ ဝကုန်းနှင့် သရက်ငုတ်ကျေးရွာ ဒေသခံ ၃ ဦးကို ဖမ်းဆီးထားပြီး စစ်ကြောင်းတလျှောက် လူသား ဒိုင်းကာအဖြစ် ခေါ်ဆောင်သွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားသည့် ဒေသခံ ၂၀ ကျော်သည် ၃ ရက် ကြာသည့်အထိ ပြန်လွတ်လာခြင်း မရှိသေးခြင်းကြောင့် ၎င်းတို့၏ မိသားစုဝင်များက ဖမ်းဆီးခံရသူများ၏ အသက်အန္တရာယ်ကို စိုးရိမ်ပူပန်မှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။
ထားဝယ်အရှေ့တောဒေသနှင့် တောင်ပျောက်တိုက်နယ်ထဲသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေခြင်းကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံရွာသား ထောင်နှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး လက်ရှိအချိန်အထိ နေရပ်မ ပြန်ရဲကြသေးကြောင်း သိရသည်။
တနင်္သာရီတိုင်းတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ တိုက်ပွဲများအတွင်း ဒေသခံများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းနှင့် နေအိမ်မီးရှို့ ဖျက်ဆီးမှုများ ဆက်တိုက်ကျူးလွန်နေကြောင်း ဒေသတွင်းသုတေသန အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။
သံလွင်တိုင်းမ် ပေးပို့သည်။