ဘီးလင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ

0
363
ပုံစာ - ဘီးလင်း စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းပြမြေပုံ။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်း ရွှေသံလွင်တိုးဂိတ်ဟောင်းရှိ စစ်ဆေးရေးဂိတ်အား ဩဂုတ်လ ၂၄ ရက် နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးကြဲတိုင်ခိုက်ခံရကြောင်း သိရသည်။

ရွှေသံလွင်တိုးဂိတ်ဟောင်းရှိ စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားအစည်းအရုံး KNU/KNLA နှင့် ပြည်သူ့ ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တိုက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် ခရီးသွားပြည်သူများက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ရန်ကုန်-မော်လမြိုင် ကားလမ်း ခေတ္တပိတ်ဆို့ခဲ့ရပြီး နှစ်ဖက်ယာဉ်စီးရေ ရာနှင့်ချီ စောင့်ဆိုင်းခဲ့ရကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

မော်လမြိုင်မြို့မှ ခရီးသွားတစ်ဦးက “ဘီးလင်း၊ ဒေါက်ရပ်ကျေးရွာ မရောက်ခင်လေးမှာပဲ ပစ်ခတ်သံတွေ ကြားရလို့ တချို့လည်း ရပ်စောင့်နေတာမျိုး ရှိတယ်။ တချို့လည်း ကားတွေပြန်လည့်ကြပြီးတော့ ရွှေရောင်ပြလောက်ကနေ ပြန်စောင့်နေတာမျိုး ရှိတယ်။ ပစ်ခတ်မှုတွေက သိပ်တော့မကြာဘူး၊ မနက် ၈ နာရီလောက်မှာ လမ်းပြန်ပွင့် သွားတယ်” ဟု ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ချိန်တွင် ကားလမ်းပေါ် ဘေးတွဲဆိုင်ကယ်ဖြင့် သွားလာနေသည့် အသက် ၃၅ နှစ်အရွယ် ဦးသိန်းထူးအောင်ဆိုသူအား ဗုံးစထိမှန် ဒဏ်ရာရရှိသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရွှေသံလွင်တိုးဂိတ်ဟောင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု ရှိခဲ့သည်ဟု သတင်းထွက်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်း တလျှောက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များ မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားလေ့ရှိနေသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here