ခုခံတော်လှန်စစ် အောင်ပွဲသည် စစ်ရေးအရ မဟာမိတ်စုဖွဲ့နိုင်မှုအပေါ်တွင် အများကြီးမူတည်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။
ဩဂုတ်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည့် ၂၈/၂၀၂၃ NUG အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယာယီသမ္မတာ ဒူဝါလရှီးလက “အရေးကြီးတာကတော့ မဟာမိတ်စုဖွဲ့နိုင်မှု ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ ကျွန်တော်တို့ဟာ လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဆက်ဆံရေးကို ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အပေါ် အခြေခံပြီး စနစ်တကျ တည်ဆောက်ထားပါတယ်။ ဒါကို ပိုပြီး စည်းနှောင်အားကောင်းတဲ့ မဟာ မိတ်ဆက်ဆံရေး ဖြစ်ထွန်းအောင် လုပ်ဆောင်ထားဖို့ လိုအပ်ပါတယ်။ ခုခံတော်လှန်စစ်အောင်ပွဲဟာ စစ်ရေးအရ မဟာမိတ် စုဖွဲ့နိုင်မှုအပေါ်မှာ အများကြီး မူတည်နေတယ်လို့ ပြောချင်ပါတယ်” ဟု ပြောဆိုသည်။
လက်ရှိ နွေဦးတော်လှန်ရေး အောင်ပွဲသည် လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်ရေးအရ မဟာမိတ် စုဖွဲ့မှု အပေါ်တွင် မူတည်နေသလို လူထုတော်လှန်ရေးနှင့် လက်နက်ကိုင် တော်လှန်ရေးကိုလည်း ပေါင်းစပ်နိုင်ရန် လိုသည်ဟု NUG ယာယီသမ္မတက ဆိုသည်။
“ကျနော်တို့ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးမှာ ဘယ်ခြေနဲ့ညာခြေကို အညီအညွတ် လျှောက်လှမ်းနိုင်မှ ဖြစ်ပါလိမ့်မယ်။ လူထုတော်လှန်ရေးလမ်းစဉ်နဲ့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ဟာ သီးခြား ဖြစ်တည်နေလို့ မရပါဘူး။ သိမ်မွေ့စွာ ပေါင်းစပ်ဖို့ အထူးလိုအပ်ပါတယ်။ လူထုတိုက်ပွဲဖြစ်တဲ့ နိုင်ငံရေး နည်းနဲ့ ခုခံတော်လှန်စစ်ဖြစ်တဲ့ လက်ကိုင်တိုက်ပွဲဟာ ရန်ဖက်တွေ မဟုတ်ပါဘူး၊ မိတ်ဖက်တွေဖြစ်ကြောင်း နားလည်ဖို့ လိုပါတယ်။ လူထုတိုက်ပွဲဟာ စစ်ရေးခုခံမှုကို အထောက်အကူပြုရမှာ ဖြစ်သလို၊ လက်နက်ကိုင် တိုက်ပွဲကလည်း လူထုတော်လှန်ရေးကို အထောက်အကူပြုရမှာ ဖြစ်ပါတယ်။ ဒီလို ပေါင်းစပ်နိုင်မှုဟာ အင်မတန် အရေးကြီးကြောင်း ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။
NUG အနေဖြင့် လက်ရှိအချိန်အထိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်ရေး၊ နိုင်ငံရေးအရ မဟာမိတ်စုဖွဲ့မှုကို အတိုင်းအတာ တစ်ခုအထိ တည်ဆောက်ထားနိုင်သော်လည်း မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် မဟာမိတ်စုဖွဲ့ထားသည်ကို အသေးစိတ်ထုတ်ဖော် ပြောဆိုထားခြင်း မရှိသေးပါ။
သိုသော် စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့် တိုင်းရင်းသား ပြည်နယ်များရှိ လက်နက်ကိုင် အဖွဲ့အစည်းတချို့က NUG အစိုးရနှင့် စစ်ရေး၊ နိုင်ငံရေး မဟာမိတ် စုဖွဲ့မှုရှိသည်ဟု ထုတ်ဖော် ပြောဆိုထားသည်ကို တွေ့ရသည်။
လက်ရှိတွင် NUG အစိုးရက ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ် PDF များ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို စစ်ရေးအရ တော်လှန်တိုက်ခိုက်နေသလို နိုင်ငံတကာ မျက်နှာစာတွင်လည်း နိုင်ငံရေးအရ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် အမြစ်ပြတ်အောင် နည်းမျိုးစုံနှင့် တော်လှန်တိုက်ခိုက်လျက် ရှိနေသည်။
NMG ပေးပို့သည်။