အိန္ဒိယတွင် ဖမ်းဆီးခံထားရသည့် ရက်ကန်းလုပ်သားတချို့ကို မြန်မာဘက်သို့ ပြန်လွှတ်ပေးဖို့ရှိနေ

0
286
ပုံစာ - Manipur Central Jail

အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်တွင် ဖမ်းဆီးခံထားရသော ရက်ကန်းလုပ်သားများ ပါဝင်သည့် မြန်မာနိုင်ငံသား တချို့ကို လာမည့်ရက်ပိုင်းအတွင်း အိန္ဒိယဘက်က ပြန်လွှတ်ပေးမည်ဟု သိရှိထားကြောင်း ကူညီဆောင်ရွက် ပေးနေသူများထံမှ သိရသည်။

“အခု ရက်ပိုင်းအတွင်း ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ ကလေးမြို့နဲ့ အညာဒေသက ယက်ကန်းလာခတ်ရင်း အဖမ်းခံရတဲ့ မိသားစုတွေလည်း လွတ်လာလိမ့်မယ်။ တမူးမိုးရေလ်နယ်စပ်ကနေ လွဲပြောင်းပေးမယ်လို့ သိရပါတယ်” လို့ ဖမ်းဆီးခံရသူများ လွတ်မြောက်ရေး ကူညီပေးနေသူတစ်ဦးက အီးမေလ်ပေးပို့ ပြောဆိုသည်။

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်၌ ၂၀၂၃ နှစ်ဦးပိုင်းက ဖမ်းဆီးခံခဲ့ရသည့် အညာဒေသမှ ယက်ကန်းလာခတ် လုပ်ကိုင်သူ ၁၀၀ နီးပါး ရှိကြောင်းနှင့် ပြန်လည်လွတ်မြောက်လာမည့် အရေအတွက်ကို မသိရသေးကြောင်း ၎င်းက ဆက်ပြောဆိုထားသည်။

မဏိပူရပြည်နယ်တွင် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် ဖမ်းဆီးခံရပြီး အင်ဖာမြို့ စဂျဝါ အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင် ခံထားရသည့် မြန်မာနိုင်ငံသား ၂၁၀ ဦးကျော် ရှိနေကြောင်းလည်း ကူညီပေးနေသူများထံမှ သိရသည်။

လွန်ခဲ့သည့် ဇူလိုင်လအတွင်းက တိုက်ပွဲများကြောင့် အိန္ဒိယ – မြန်မာနယ်စပ် တမူးမြို့နယ် အတွင်းမှ မြန်မာနိုင်ငံသား ၇၀၀ ကျော်သည် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ချန်ဒလ်ခရိုင်ထဲသို့ ထွက်ပြေးခိုလှုံခဲ့ကြသဖြင့် ၎င်းတို့အား အိန္ဒိယအစိုးရက ချက်ခြင်းနေရပ်ပြန်ပို့ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အတွင်းသို့ မြန်မာနိုင်ငံသား ၅၀၀၀ ကျော် နှင့် မီဇိုရမ်ပြည်နယ် အတွင်းသို့ ၃ သောင်းခွဲကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း အိန္ဒိယ သတင်းတချို့တွင် ဖော်ပြထားချက်အရ သိရသည်။

ဆေကောင်ခမ်း(ရှမ်းနီအသံ)

LEAVE A REPLY

Please enter your comment!
Please enter your name here