ရခိုင်တွင် နိုင်ငံရေးပုဒ်မများနှင့် တရားရင်ဆိုင်နေရသူ ၁၂၀ ကျော် ရှိနေသေး

0
316
ပုံစာ - လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာသူတချို့ (ပုံအဟောင်းဖြစ်သည်)

နိုင်ငံရေးပုဒ်မများဖြစ်သည့် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ – ၁၇ (၁) (၂)၊ နိုင်ငံတော်ဆူပူအောင် လှုံဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ – ၅၀၅ (က) တို့ဖြင့် ရခိုင်ပြည်အတွင်းရှိ တရားရုံးအသီးသီးမှာ တရားရင်ဆိုင် နေရသူ ၁၂၈ ဦး အထိ ကျန်ရှိနေသေးသည်ကို စာရင်းကောက်ယူ ရရှိထားသည်။

နိုင်ငံရေးပုဒ်မများနှင့် တရားရင်ဆိုင်နေရသူများမှာ ရခိုင်ပြည်ရှိ မြို့နယ်များအလိုက် စစ်တွေ ၂၁ ဦး၊ ကျောက်တော် ၅ ဦး၊ မြောက်ဦး ၅ ဦး၊ ဘူးသီးတောင် ၅ ဦး၊ မင်းပြား ၃ ဦး၊ ကျောက်ဖြူ ၂၇ ဦး၊ သံတွဲ ၂၈ ဦး၊ အမ်း ၁၅ ဦးနှင့် တောင်ကုတ် ၁၉ ဦး တို့ ဖြစ်ကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ မအေးအေးခိုင်၏ ခင်ပွန်းဖြစ်သူ ကိုဘလှိုင်အပါအဝင် ပုဏ္ဏားကျွန်းမြို့ခံ ၇ ဦး ကို ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ပုဒ်မ – ၅၀၅ (က) ဖြင့် တရားစွဲဆိုခဲ့ရာတွင် လက်ရှိ အချိန်ထိ အမှုရင်ဆိုင်နေရသည့် အခြေအနေကို မအေးအေးခိုင်က အခုလို ပြောသည်။

“အခုဆိုရင် ကျမ အမျိုးသားကို ဖမ်းဆီးထားတာ တစ်နှစ်ကျော်သွားပြီ။ လွှတ်လည်း မလွှတ်ပေးသေးဘူး။ ရုံးချိန်း ရင်လည်း တရားလိုဘက်က မရောက်ဘူး။ အခုလည်း ဒီလ ၂၉ ရက်နေ့ကို ထပ်ရုံးချိန်းထားတယ်။ အပြစ်မရှိ ဆိုရင်လည်း လွှတ်ပေးစေချင်တယ်” ဟု ၎င်းက ပြောသည်။

ရက္ခိုင်တပ်တော် (AA) နှင့် ဆက်စပ်သည့် သံသယဖြင့် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ – ၁၇ (၁) ၊ (၂) တို့နှင့် တရားရင်ဆိုင်နေရသူ ၆၁ ဦးမှာ ဩဂုတ်လ ၂ ရက်နေ့က လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။

သို့သော် စစ်တွေ အကျဉ်းထောင်မှ ၁၃ ဦး၊ ဘူးသီးတောင် အကျဉ်းထောင်မှ ၅ ဦး၊ ကျောက်တော် အချုပ်ခန်းမှ ၂ ဦး၊ မင်းပြားအချုပ်ခန်းမှ ၁ ဦး၊ ကျောက်ဖြူ အကျဉ်းထောင်မှ ၁၀ ဦး၊ တောင်ကုတ် အချုပ်ခန်းမှ ၁၉ ဦးနှင့် သံတွဲ အကျဉ်းထောင်မှ ၂ ဦးတို့မှာ မတရားအသင်းဆက်သွယ်မှု ဥပဒေဖြင့် တရားရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

အလားတူ စစ်တွေတွင် ၈ ဦး၊ ကျောက်တော်တွင် ၃ ဦး၊ မြောက်ဦး ၅ ဦး၊ ကျောက်ဖြူ ၁၇ ဦးနှင့် သံတွဲမြို့ ၂၆ ဦး တို့မှာ နိုင်ငံတော် ဆူပူအောင်လှုံဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ – ၅၀၅ (က) ဖြင့် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။

လက်ရှိ အမှုရင်ဆိုင်နေရသူများမှာ တရားလို မရောက်လာဘဲ ရုံးချိန်းများ အကြိမ်ကြိမ် ရွှေ့ဆိုင်းခံနေရသဖြင့် နစ်နာမှု ရှိနေသည်ဟု ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များက ပြောသည်။

ဩဂုတ်လ ၂ ရက်နေ့တွင် လွတ်ငြိမ်းခွင့်ဖြင့် စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာသည့် ကိုလှအောင်သိန်း က “ထောင်ဝင်စာလည်း တွေ့ခွင့်မရတော့ မိသားစုနဲ့လည်း မတွေ့ရဘူး။ အပြစ်မရှိဘူးဆိုရင် အကုန်လုံးကို ပြန်လွှတ်ပေးစေချင်တယ်။ အခုက ရုံး ထပ်ကာထပ်ကာ ချိန်းနေတာကတော့ မိသားစုတွေအတွက်ရော၊ ဖမ်းဆီးခံ ထားရတဲ့သူတွေ အတွက်ပါ အခက်အခဲ ရှိပါတယ်” ဟု ပြောသည်။

ရခိုင်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက စတင်၍ လူသားချင်း စာနာထောက်ထားမှုကို အခြေခံကာ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား အပစ်အခတ်ရပ်စဲခဲ့သည်မှာ ယခုအခါ ၉ လကျော် ကြာမြင့်လာပြီ ဖြစ်သည်။ အပစ်ရပ်ထားစဉ် အတွင်း AA နှင့် ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးထားသူများကို လွှတ်ပေးသင့်ကြောင်း နိုင်ငံရေးသမားများက ပြောဆိုကြသည်။

ULA/AA ၏ စာရင်းအရ ရခိုင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလအတွင်း ဒေသခံ ၅၉၄ ဦး ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ အထိ ၃၉၁ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂ ရက်နေ့တွင် လွတ်ငြိမ်းခွင့်ဖြင့် ၆၁ ဦး ထပ်မံလွတ်မြောက်လာသဖြင့် လက်ရှိဖမ်းဆီးခံထားရသူ ၁၄၂ ဦး ကျန်ရှိနေသေးကြောင်း တွေ့ရပါသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here