
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူး (မုန်း) မြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများနှင့် ဒရုန်းဖြင့် ဗုံးကြဲချမှုများကြောင့် ကျေးရွာ ၁၁ ရွာခန့်မှ ဒေသခံပြည်သူများ စစ်ဘေးရှောင်နေကြရကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။
စစ်ကောင်စီ၏ လက်နက်များနှင့် ပစ်ခတ်မှုကြောင့် မူး(မုန်း) မြို့နယ်ထဲရှိ နောင်ဘို ကျေးရွာ၊ လက်တက်ကြီး ကျေးရွာ၊ ငတိုးခင် ကျေးရွာ၊ ခင်နောက်မီး ကျေးရွာ၊ ရေပြာ ကျေးရွာ၊ ကျွန်းကုန်း ကျေးရွာ၊ သစ်ဖြူဆိတ် ကျေးရွာ၊ ဇလုပ်ကြီး ကျေးရွာ၊ လှေဒိုး ကျေးရွာ၊ သနပ်ကွင်း ကျေးရွာ၊ ညောင်ခြေထောက် ကျေးရွာတို့မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေကြရခြင်းဖြစ်သည်ဟု KNU ဗဟိုက သြဂုတ်လ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မူး(မုန်း) မြို့နယ်အတွင်းရှိ သစ်ဖြူဆိပ်ကျေးရွာသို့ စစ်ကောင်စီတပ် ခမရ ၃၀၇ သည် သြဂုတ်လ ၁၉ ရက်၊ နံနက်ပိုင်းတွင် တောကျွဲအင်းကျေးရွာမှ နေ၍ ဒရုန်းဖြင့် ဗုံးများ ကြဲချခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက် အရ သိရသည်။
စစ်ကောင်စီ၏ ဗုံးကြောင့် သစ်ဖြူဆိပ်ကျေးရွာမှ ဒေသခံကိုမင်းစိုးဆိုသူ၏ နေအိမ်ပေါ် ကျရောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းနှင့် ယင်းနေ့ ညနေ ၃ နာရီခန့်တွင်လည်း စစ်ကောင်စီတပ် ခမရ ၄၃၉ မှ ၁၂၀ မမ လက်နက်ကြီး ဖြင့် လက်တက်ကြီး ကျေးရွာဘက်သို့ ပစ်ခတ်ခဲ့ရာတွင် ဒေသခံအမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံတချို့က ပြောသည်။
ရေပြာကျေးရွာသားတစ်ဦးက “ ဒီဘက် စစ်ကြောင်း လာရှောင်နေကြရတာပေါ့။ လက်တက်ကြီးက ၂ ယောက်ထိ တယ်တော့ ကြားတယ်။ အခုထိတော့ ဒီဘက်မှာပဲ ရှိသေးတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ လက်နက်များဖြင့် ပစ်ခတ်မှုများ၊ ဒရုန်းများဖြင့် ဗုံးကြဲမှုများကြောင့် အဆိုပါကျေးရွာများရှိ ဒေသခံများသည် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းသို့ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း ၎င်းက ဆက်ပြော ဆိုသည်။
နိရဉ္စရာ ပေးပို့သည်။