ရခိုင်ပြည်ရှိ စစ်ဘေးရှောင်များနှင့် IDP ဒုက္ခသည်များကို ထောက်ပံ့ပေးသည့် ပစ္စည်းများအား စျေးအတွင်း အများအပြား တွေ့လာရသည်ဟု ဒေသခံများနှင့် အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။
ဈေးအတွင်း အတွေ့များလာသည့် ပစ္စည်းများမှာ အမျိုးသမီးလစဉ်သုံး ပစ္စည်းများ၊ ဆန်၊ မျက်နှာသုတ်၊ တာပေါ်လင်၊ သွားတိုက်တံ စသည့် ကယ်ဆယ်ရေးအသုံးအဆောင်များဖြစ်သည်ဟု စစ်တွေမြို့ခံ အမျိုးသမီးငယ်တစ်ဦးက ပြောသည်။
“လစဉ်သုံးပစ္စည်းတွေက အမြဲတမ်း စစ်တွေစျေးမှာ တွေ့ရတယ်။ လစဉ်သုံးတွေက ပုံမှန်စျေး ၁၀၀၀ ကျပ်ဆိုရင် အဲဒီက၀ယ်ရင် ၈၀၀ ကျပ်လောက်ပဲ ပေးရတယ်” ဟု ၎င်းက ဆိုသည်။
ယင်းအပြင် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (Unicef) တံဆိပ်ပါ စာအုပ်၊ ခဲတံများ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တံဆိပ်ပါ မျက်နှာသုတ်၊ တာပေါ်လင်များကို စစ်တွေဈေးအပြင် တခြားမြို့နယ်ရှိ စျေးများတွင်လည်း ပေါ်ပေါ်တင်တင် ရောင်းချနေသည်ကို တွေ့လာရကြောင်း ဒေသခံများက ပြောဆိုသည်။
မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် ထောက်ပံပေးသည့် ကယ်ဆယ်ရေးဆန်များကိုလည်း စျေးအတွင်း ရောင်ချနေသည်ကို တွေ့ရှိကြောင်း အမည်မဖော်လိုသည့် အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
“ဆန်က စျေးကွက်မှာ တွေ့ရတာက ကယ်ဆယ်ရေးပစ္စည်းတွေ ယူဖို့အတွက် ကျသင့်တဲ့ ခရီးစရိတ်ကို ပေးလာတဲ့ အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေက မပေးတော့ ဒီဘက်ကပစ္စည်းတွေ စျေးကွက်ရောက်ကုန်တာပါ” ဟု ၎င်းက ဆိုသည်။
အမျိုးသမီးလစဉ်သုံးပစ္စည်းများ စျေးကွက်သို့ ရောက်လာခြင်းမှာ စစ်ဘေးရှောင်များ၏ စား၀တ်နေရေး အခက်အခဲများကြောင့် ပြန်ရောင်းနေတာတွေ ရှိသည်ဟု ဘူးသီးတောင်မြို့ရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှ ခေါင်းဆောင်အမျိုးသမီးတစ်ဦးက အခုလို ပြောသည်။
“ဒါကတော့ နှစ်ပိုင်းရှိမယ်။ တစ်ပိုင်းက ပေးတဲ့လူတွေက အမျိုးသမီးအရေအတွက်ကို ကြည့်ပြီးမှ ပေးတာ မဟုတ်ဘူး။ အိမ်ဆီ လိုက်ပေးတဲ့အခါ မိန်းကလေးငယ် မရှိတဲ့အိမ်မှာ pad ထုပ်တွေပိုနေလို့ စျေးအနည်းနဲ့ ထုတ်ရောင်းတာရယ်၊ တချို့အိမ်တွေမှာက စား၀တ်နေရေး မလောက်ငတာကြောင့် အသုံးလိုပေမဲ့ ထုတ်ရောင်းတာရယ် ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ စျေးကွက်သို့ ရောက်ရှိလာသည့်ကိစ္စမှာ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ အနေဖြင့် ကြီးကြပ်သင့်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ထောက်ပြပြောဆိုသည်။
အရပ်ဖက်အဖွဲ့အစည်းဝင် အမျိုးသမီးတစ်ဦးက “ဒီလို အကြောင်းအရာတွေက မဖြစ်သင့်ဘူး။ ကျမတို့လည်း စျေးထဲမှာ အမြဲတွေ့နေရတယ်။ ဒါကို သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ မြေပြင်ကွင်းဆင်းပြီး စစ်ဆေးသင့်တယ်။ တချို့ပစ္စည်းတွေဆို ကူညီလိုတဲ့လူတွေဆီ လုံး၀မရောက်ဘဲ တခါတည်း စျေးကွက်ကို ရောက်လာတယ်။ ဒါက မဖြစ်သင့်ဘူး” ဟု ပြောသည်။
ယခုကိစ္စနှင့် ပတ်သက်ပြီး UNHCR အပါအ၀င် တခြားလူမှုကူညီရေး အဖွဲ့များနှင့် ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုစားနေဆဲ ဖြစ်သည်။
ရခိုင်တွင် ၂၀၁၈ ခုနှစ်မှ စတင်ပြီး ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နေရပ် မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၇ သောင်းခန့် ရှိနေသေးကြောင်း သိရသည်။
အလားတူ ၂၀၁၂ ခုနှစ်က ရခိုင်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် စစ်တွေ၊ မြေပုံနှင့် ကျောက်ဖြူ စသည့် မြို့နယ်များတွင် IDP ဒုက္ခသည် သိန်းနှင့်ချီ ရှိနေသေးကြောင်း လူမှုကူညီရေးအဖွဲ့အစည်းများ၏ မှတ်တမ်းများ အရ သိရသည်။
စစ်ဘေးရှောင်များနှင့် IDP ဒုက္ခသည်များကို အစိုးရက ကူညီထောက်ပံ့ခြင်း မရှိတော့ဘဲ နိုင်ငံတကာ အဖွဲ့အစည်းများက ကူညီထောက်ပံ့နေခြင်းဖြစ်ကြောင်း ဒုက္ခသည်များထံက သိရသည်။ (NN-18)
နိရဉ္စရာ ပေးပို့သည်။