စနိုက်ပါလက်ချက်ဖြင့် စစ်ကောင်စီစစ်ဆေးရေးဂိတ်မှ တပ်သား ၁ ဦး သေဆုံး

By MPM 20 ဩဂုတ်, 2023 👁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင် ကျေးရွာအနီးရှိ ဘုရားမဲ စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီ တပ်သား ၁ ဦး စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ထံက သိရသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ၄၀ ကျော် တပ်စွဲနေထိုင်သည့် ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက သြဂုတ် ၁၈ ရက်နေ့ ညနေ ၄ နာရီခန့်က စနိုက်ပါနှင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ပစ်ခတ်ခံရခြင်းကြောင့် လမ်းလျှောက်နေသည့် စစ်ကောင်စီတပ်သားတစ်ဦး နေရာမှာပင် လဲကျ သေဆုံးခဲ့ကြောင်း ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။

စနိုက်ပါဖြင့် ပစ်ခတ်ခဲ့သော်လည်း စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်တာမျိုး မရှိဘဲ ကျည်ထိသွားသော တပ်သားကို လူနာတင်ယာဉ်နှင့် သယ်ဆောင်ကာ ထားဝယ်ဘက်ကို ထွက်ခွာသွားသည် တွေ့ရသည်ဟု အဆိုပါတာဝန်ခံက ဆက်ပြောသည်။

အဆိုပါပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း၊ ဥသြ စစ်ကြောင်း၊ DGRF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၁၄ ရက်နေ့က ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို DGRF ပူးပေါင်း အဖွဲ့များက သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။