မူဆယ်၊ စယ်လန့် လွိုင်တေးမိန်းတောင်တက်လမ်းတွင် TNLA မိုင်းထောင်ထားလို့ ဒေသခံများ စိုးရိမ်မှုများရှိနေ

By MPM 18 ဩဂုတ်, 2023 👁

သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ၊ လွိုင်တေးမိန်း တောင်တက်လမ်းတွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) မှ မိုင်းထောင်ထားသည်ဟု ဒေသခံများကို အကြောင်းကြားလာကြောင်း သိရသည်။

TNLA တပ်ဖွဲ့ မိုင်းထောင်ထားသည့် အဆိုပါလမ်းသည် လွိုင်တေးမိန်း တောင်တက်လမ်း ဖြစ်သည့်အပြင် ဒေသခံများ လယ်ယာသွားရန်အတွက် အသုံးပြုသည့် လမ်းကြောင်းလည်း ဖြစ်တာကြောင့် သွားရေးလာရေး ခက်ခဲစေသည့်အပြင် မလုံခြုံဘဲ စိုးရိမ်စိတ်များ ဖြစ်ပေါ်ခံစားနေရကြောင်း စယ်လန့်ဒေသခံများက ပြောသည်။

စယ်လန့်ဒေသခံ အမျိုးသမီးတစ်ဦးက “မိုင်းထောင်ထားတယ်ဆိုတော့ ဘယ်သူက သွားရဲတော့မှာလဲ မဟုတ်ဘူးလား။ အခုဆိုရင် လယ်ထဲကရေတွေ ရှိလား၊ မရှိလား ဆိုတာလည်း သွားမကြည့်ရဲတော့ဘူး။ သစ်ခုတ် ဝါးခုတ်ဖို့လည်း အဲ့လမ်းကိုပဲ အသုံးပြုရတာ၊ ပိုဆိုးတာက အခုလိုဝါတွင်းက တောင်ပေါ်ဘုရားကို ဝတ်ပြုဖို့၊ ဝေယျာ၀စ္စလုပ်ဖို့ စတာတွေလည်း မသွားနိုင်တော့ဘူး” ဟု ပြောဆိုသည်။

စယ်လန့်ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် TNLA တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် TNLA တပ်ဖွဲ့သည် စယ်လန့်ကျေးရွာအတွင်း နေရာယူထားပြီး ရှေးဟောင်းအမွေအနှစ်ဖြစ်သည့် သျှမ်းဧကရာဇ် စဝ်ဆေခန်ဖ၏ မြို့ရိုးကို မြေဖို့အပြီး လက်ရှိတွင် မိုင်းများပါ ထောင်ထားကြောင်း TNLA မှ ဒေသခံများကို အကြောင်းကြားလာခြင်း ဖြစ်သည်ဟု စယ်လန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အခုဆို TNLA စစ်သားတွေက စယ်လန့်ကျေးရွာထဲမှာ ရှိနေတုန်းပဲ၊ မြေဖို့ပစ်လိုက်တဲ့ မြို့ရိုးနားမှာပဲ စခန်းချ နေထိုင်နေတာ။ ပြီးတော့ လွိုင်တေးမိန်း တောင်တက်လမ်းဘက်မှာ မိုင်းတွေ ထောင်ထားတယ်လို့ ဒေသခံတွေကို အကြောင်းကြားလာတယ်။ အဲ့ဘက်လမ်းကို အသုံးပြုမယ်ဆိုရင် သူတို့ကို အကြောင်းကြားရမယ်တဲ့” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိ TNLA စခန်းချထားသည့် နေရာသည် ရှေးဟောင်းအမွေအနှစ် မြို့ရိုးကို မြေဖို့ထားနေပြီး ၎င်းတို့ မြေဖို့သွားသည့် မြေနေရာသည်လည်း ပြည်သူပိုင် ခြံဝန်းလည်း ပါဝင်နေကြောင်း ဒေသခံတို့၏ ပြောဆိုမှုအရ သိရသည်။

ဂျီနီဗာ သဘောတူစာချုပ်အရ စစ်ပွဲများအတွင်း ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေး အဆောက်အဦးများ အပါအဝင် အရပ်သားများနှင့် နီးစပ်သည့်နေရာ ၊ ကျေးရွာများ အနီးတွင် စစ်ရေးရည်မှန်းချက် အတွက် အသုံးမပြုရန်နှင့် မဖျက်ဆီးရန် တားမြစ်ထားပါသည်။

ယင်းအပြင် လက်ရှိအချိန်ထိလည်း အာဏာသိမ်းစစ်ကောင်စီနှင့် TNLA တပ် အကြား ဒေသအတွင်း စစ်ရေးတင်းမာမှု ရှိနေသေးသည့်အတွက် စစ်ရေး ပိုမိုပြင်းထန်လာမှာကို ဒေသခံများက စိုးရိမ်နေရကြောင်းလည်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။