ချင်းပူးပေါင်းတပ်များ ထိုးစစ်အနေအထားဖြင့် သွားနိုင်ရန် ပြင်ဆင်နေဟုဆို

By MPM 17 ဩဂုတ်, 2023 👁

ချင်းပြည်နယ်၏ မြို့ကြီးများတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်ရင်းများကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်များက မကြာခဏ စီးနင်းတိုက်ခိုက်မှုများရှိနေပြီး ထိုးစစ်အနေအထားဖြင့် သွားနိုင်ရန် ပြင်ဆင်နေကြောင်း ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“မိုးတွင်းစစ်ဆင်ရေးမှာ ချင်းတောင်ကို စစ်ကောင်စီက စစ်ဆင်ပြီးသိမ်းဆည်းမယ်လို့ ကြုံးဝါးထားတာ ရှိတာပေါ့။ ကျနော်တို့ဘက်ကလည်း ပြင်ဆင်မှုလုပ်ပြီးတော့ ခံစစ်အနေအထားကနေ ထိုးစစ်ဆိုပြီး သူတို့ တပ်ရင်းဌာနချုပ်ကိုပေါ့၊ ၁၂ ရက်ကပဲ ဖလမ်းမြို့ပေါ်ကို အဲသလိုသွားပြီးတော့ ဝင်စီးတာဖြစ်တယ်။ မိုးတွင်းကတော့ အဲဒီစစ်ဆင်ရေးက ဘယ်လောက်ကြီးမလဲဆိုတာ သူတို့ရဲ့လှုပ်ရှားမှု အနေအထားပေါ့။ ဒါပေမဲ့ ကျနော်တို့ဘက်ကတော့ အကောင်းဆုံးကို ပြင်ဆင်ထားတာပေါ့။ ထိုးစစ်နဲ့သွားဖို့ ကျနော်တို့ လည်း ပြင်ဆင်နေတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ထန်တလန်မြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ – ၂၆၉ တပ်ရင်းဌာနချုပ်ကို ချင်းအမျိုးသားတပ်ဦး CNF/ CNA ၊ CDF- ထန်တလန်၊ CDF- ဇိုဖေ ပူးပေါင်းတပ်ဖွဲ့တို့က ဩဂုတ်လ ၁၄ ရက်က စီးနင်းတိုက်ခိုက် ခဲ့ရာမှာ စစ်ကောင်စီ တပ်ရင်းဌာနချုပ် လုံခြုရေးစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ချင်းအမျိုးသား တပ်ဦး က သတင်းထုတ်ပြန်သည်။

ယင်းသို့ တပ်စခန်း အသိမ်းခံရပြီးနောက် စစ်ကောင်စီသည် ထိုနေရာကို လေကြောင်းဖြင့် ၃ ကြိမ် ထက်မနည်း ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများနိုင်ပြီး တပ်သား ၂ ဦးကို အရှင်ဖမ်းဆီး ရမိခဲ့ကာ လက်နက် ၆ လက် သိမ်းဆည်းရမိခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ ချင်းပူးပေါင်းတပ်မှ ၃ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

ဩဂုတ်လ ၁၂ ရက်က ဖလမ်းမြို့အခြေစိုက် ခလရ ၂၆၈ တပ်ရင်း ဌာနချုပ်ကို CNF/ CNA ၊ CDF-KKG နှင့် CDF- Hualngoram ချင်းပူးပေါင်းတပ်က စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီမှ ၆ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာများ ရရှိခဲ့ကာ ပွိုင့်- ၅ စက်သေနတ်နဲ့ ကျည်များအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် ၁၁ လက်နှင့် ကျည်ဆံအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့က ပြောသည်။

ဩဂုတ်လ ၁ ရက် နှင့် ၂ ရက်နေ့ ကလည်း တွန်းဇံမြိုပေါ်က စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အလားတူ ဇူလိုင် ၃၀ ရက်တွင် မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်တွင် ကင်းလှည့်လာသော စစ်ကောင်စီ ကားတစ်စီးကို ချင်းကာကွယ်ရေးတပ် – မင်းတပ်က စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးပြီး ခရိုင်ရဲစခန်းမှူးအပါအဝင် တပ်သားတချို့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း သိရသည်။

ယခုလအတွင်း ချင်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ တပ်ရင်းဌာနချုပ်များ မကြာခဏ စီးနင်း တိုက်ခိုက်ခံရမှုကြောင့် ဟားခါး-ထန်တလန်- ဖလမ်း ဒေသများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး အရပ်သားပြည်သူ အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ဘုရားကျောင်းနှင့် နေအိမ်များလည်း မီးလောင်ပျက်စီးမှုရှိခဲ့သည်။

ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ ကျနော်တို့က အတတ်နိုင်ဆုံး ပြည်သူနဲ့အတူ ခုခံကာကွယ်သွားမှာပါ။ လေကြောင်းတိုက်ခိုက်မှု ဆိုတာက ချင်းတောင် ဘက်မှာ တိုက်လေယာဉ်တွေ ဘယ်လောက်ပဲလာလာ၊ မြေပြန့်ဒေသနဲ့ စာရင်တော့ ထိခိုက်မှု နည်းပါတယ်။ ဒီအတွက် ပြည်သူတွေ စိုးရိမ်မလွန်ကြဖို့နဲ့ သတိအနေအထားနဲ့ရှိဖို့ ပြည်သူတွေကို ပြောချင်တယ်” ဟု ဆိုသည်။

ချင်းပြည်နယ်ရှိ စစ်ကောင်စီ၏ အထိုင်တပ်ရင်းများသည် စစ်ရေးလှုပ်ရှားမှု မဆောင်ရွက်နိုင်တော့ဘဲ ဂျက်ဖိုက်တာနှင့် လက်နက်ကြီးကိုသာ အားကိုးတိုက်ခိုက်နေကြောင်း ချင်းတော်လှန်ရေး အင်အားစုများ၏ ပြောဆိုမှုအရ သိရသည်။

ချင်းပြည်နယ်၏ မြို့နယ် ၉ မြို့နယ်လုံးတွင် စစ်ကောင်စီက မြို့ပေါ်၌သာ ကျန်ရှိတော့ပြီး ကျန်ဒေသ အားလုံး ၇၅ ရာခိုင်နှုန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်စိုးမိုးထားသည်ဟု ချင်းတော်လှန်ရေး အင်အားစုများက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် ၂၀၂၃ တစ်နှစ်တာကို တော်လှန်ရေး အဆုံးအဖြတ်နှစ်အဖြစ် သတ်မှတ်ပြီး လမ်းအားလုံး နေပြည်တော်သို့ စစ်ရေးစီမံချက်အပါအဝင် စစ်ရေးစီမံချက်များ ချမှတ်ကာ ထိုးစစ်ဆင် တိုက်ခိုက်မှုများကို တချို့စစ်ရေးနယ်မြေများတွင် စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။

KMG ပေးပို့သည်။