ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်အတွင်း မြေစာပုံ ပြိုကျမှုဖြစ်ပြီး ပျောက်ဆုံးနေသူများထဲက ၂၅ ဦး၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိထားပြီဟု ကယ်ဆယ်ရေး ဆောင်ရွက်နေသူများက ပြောသည်။
ရရှိထားသည့် စာရင်းအရ မြေစာပုံ ပြိုကျရာတွင် ပျောက်ဆုံးနေသူ ၄၂ ဦး အနက် သြဂုတ်လ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့် အထိ ပြန်လည်တွေ့ရှိသူ ၂၅ ဦး ဖြစ်သည်ဟု မနကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ထဲ ကယ်ဆယ်ရေး ဆောင်ရွက်နေသူများက ဆိုသည်။
ကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးက “ ဟုတ်တယ်ဗျ။ ဒီနေ့ ညနေအထိ တွေ့တာက ၂၅ လောင်းရှိပြီ။ အခုလည်း ထပ်ရှာနေတုန်းပါ။ အလောင်းတွေက ထပ်ထပ်ပေါ် လာတာဗျ။ ၁၃ ရက်နေ့ကတည်းကဆိုတော့ တွေ့သလောက် အလောင်း တော်တော်များများက ပျက်စီးနေပြီ။ ဆိုလိုချင်တာက ရုပ်တွေ ပျက်နေပြီဗျ” ဟု ပြောသည်။
သြဂုတ်လ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်က ဖားကန့်မြို၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်ထဲမှ အမြင့်ပေ ၃၀၀ နီးပါး ရှိသည့် မြေစာပုံ၊ ချောက်ကမ်းပါး ပြိုကျခဲ့ခြင်း ဖြစ်သည်။
ထိုသို့ မြေစာပုံ ပြိုကျမှုကြောင့် အနီးအနားရှိ ကျောက်တူးဖော်နေသူများနှင့် ရေမဆေးကျောက်ရှာသူများ ပါသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပျောက်ဆုံးနေသူများကို ဩဂုတ်လ ၁၄ ရက်နေ့က စတင်၍ ယနေ့အချိန်ထိ ဒေသတွင်း လူမှုကူညီရေး အသင်းအဖွဲ့များက ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

ပုံစာ – ဖားကန့်ရှိ ကျောက်စိမ်းမြေစာပုံပြိုကျမှုမှ ပျောက်ဆုံးနေသူများအား ရှာဖွေနေကြစဉ်။(Photo-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့/ဖားကန့်)
“အခုဖြစ်တဲ့နေရာက ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီရဲ့ လုပ်ကွက်မှာပေါ့နော်။ စာရင်းလာပေးကြတာတော့ ဒီနေ့ မနက်အထိ အယောက် ၄၀ ကျော်ပေါ့နော်၊ ပျောက်နေတဲ့အထဲ ပါတယ်ပေါ့ဗျာ။ နာမည်တွေ လာပေးကြတာ။ ဒါပေမယ့် အဲ့ဒီထက် များနိုင်တယ်ဗျ။ ဘာလို့လဲဆိုတော့ မျက်မြင်တွေပြောတာ ၅၀ တောင် မကဘူးလို့ ပြောတယ်။ ဘာပဲပြောပြော ကျနော်တို့ကတော့ အားလုံးညှိနှိုင်းပြီး အခုလည်း ရှာဖွေရေးကို ဆက်လုပ် နေကြတယ်ဗျ။ တချို့အလောင်းတွေက မှတ်တောင်မမိဘူးဗျာ။ တော်တော်ဆိုးသွားပြီ။ မှတ်မိတဲ့လူတွေကိုတော့ ရထားတဲ့ နာမည်စာရင်းနဲ့တိုက်ပြီး စစ်ပေးရတာပေါ့နော်” ဟု ကယ်ဆယ်ရေး လုပ်ဆောင်သူက ပြောသည်။
ဩဂုတ်လ ၁၅ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်ထိ တွေ့ရှိထားသည့် ရုပ်အလောင်း ၂၅ လောင်း အနက် ၄ လောင်း သာ ရရှိထားသည့် အမည်စာရင်းနှင့်တိုက်ကာ မှန်ကန်ကြောင်း စိစစ်ထားနိုင်သော်လည်း ကျန်ရုပ်အလောင်း အများစုမှာ မည်သူမည်ဝါဖြစ်သူကို တိုက်စစ်ရန် ခက်ခဲနေသည်ဟု ကယ်ဆယ်ရေး လုပ်ဆောင်သူများက ဆိုသည်။
ဖားကန့်ဒေသခံတစ်ဦးက “အလောင်းတွေက ပုပ်မှ သူ့ဟာသူပေါ်လာတာ။ တော်တော်များများက ရုပ်က အကုန် ပျက်နေပြီ။ ဘယ်သူမှန်းကို မမှတ်မိတော့ဘူး ဖြစ်နေကြတာ။ ဒီနေ့ညနေလည်း ထပ်ရှာနေကြတုန်းပဲ။ မိုးက ရွာ၊ မြေတွေကလည်း အိအိပြီး ကျနေတော့ တော်တော်သတိထားရတယ်” ဟု ပြောသည်။
ဖားကန့်မြို့နယ်အတွင်း ဩဂုတ်လ ၁၅ ရက်နေ့တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းနေသောကြောင့် ရုပ်အလောင်း ရှာဖွေရာတွင် သတိထားဆောင်ရွက်နေကြရသည်ဟု လူမှုကယ်ဆယ်ရေး လုပ်ဆောင်နေသူများနှင့် ဒေသခံများက ပြောသည်။
ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က မနကျေးရွာအနီးရှိ အဆိုပါ ကျောက်စိမ်းလုပ်ကွက် မြေစာပြိုကျချိန် ရေလှိုင်း ပုတ်ခတ်မှုကြောင့် နွံကန်ဘေးရှိ လက်ကျင်းတူးနေသူများနှင့် ရေမဆေးကျောက် ရှာဖွေနေသူများ ပါသွားပြီး ပျောက်ဆုံးနေခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူလည်း ၁၀ ဦးခန့် ရှိခဲ့သည်။
အလားတူ ဩဂုတ်လ ၅ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ဖားကန့်၊ သာယာကုန်းကမ်းပါး လုပ်ကွက်ဟောင်း မြေစာပြိုကျမှုကြောင့် ရေလှိုင်းပုတ်၍ ပါသွားသော အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ရာ ဒေသတွင်းရှိ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များက ပူးပေါင်းကယ်ဆယ်ရှာဖွေရေး လုပ်ဆောင်ခဲ့ကြသည်။
NMG ပေးပို့သည်။