ရေဖြူ၊ ဧကနိရွာရှိ နေအိမ် ၄၀ ဝန်းကျင်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီး

By MPM 15 ဩဂုတ်, 2023 👁

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာထဲရှိ ဧကနိရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့လို့ နေအိမ်အလုံး ၄၀ ခန့် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်က သြဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းခန့်က လက်နက်ကြီး၊ လက်နယ်ငယ်များဖြင့် ပစ်ခတ်ပြီး ဧကနိရွာရှိ နေအိမ်များကို စတင်မီးရှို့ခဲ့ရာမှ နေအိမ် ၄၀ လုံးခန့် မီးလောက်ပျက်စီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ဒေသခံအမျိုးသားတစ်ဦးက “ည ၈ နာရီလောက် အထိကို မီးက လောင်နေတာ။ အိမ်တွေကို အတန်းလိုက် မီးရှို့လိုက်တာ၊ လက်ရှိမှာတော့ ဘယ်သူမှ ရွာနားမကပ်ရဲသေးဘူး” ဟု ပြောသည်။

လက်ရှိအချိန်အထိ စစ်ကောင်စီတပ်များသည် ဧကနိရွာတဝိုက်တွင် ရှိနေဆဲဖြစ်ပြီး နေအိမ်များကို ဖောက်ထွင်းကာ တန်ဖိုးကြီး ပစ္စည်းများ ခိုးယူမှုပြုလုပ်နေသည်ကို သိရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင်လည်း ဧကနိရွာအနီး တောထဲတွင် စစ်ဘေးရှောင်နေကြသည့် ဘုန်းကြီးတစ်ပါးနှင့် အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ရာ ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

အလားတူ ဝါးဇွမ်းတောကျေးရွာတွင် ဩဂုတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်က နေအိမ် နှစ်လုံးနှင့် တဲတစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

စစ်ကောင်စီတပ်သည် နဘုလယ်ဒေသကို ဩဂုတ်လ ၈ ရက်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဧကနိ၊ ရငဲ၊ ဝါးဇွမ်းတော၊ ကုန်းသာယာအင်း အစ ရှိသည့် ကျေးရွာများသို့ ဩဂုတ်လ ၉ ရက်တွင် ရောက်ရှိလာကြောင်း ဒေသခံတို့က ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံ ၄၀၀၀ နီးပါး ဘေးလွတ်ရာ ထွက်ပြေးနေကြရပြီး အစားအသောက်နှင့် နေရာထိုင်ခင်းအတွက် အကူအညီများ လိုအပ်နေသည်ဟု ၎င်းတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ဩဂုတ်လ ၈ ရက်နေ့က စပြီး လဲရှောင်၊ ထိန်ကြီး၊ ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ရငဲ ဝါးဇွမ်းတော၊ ကုန်းသာယာအင်း ရွာများကို စစ်ကြောင်းထိုးလာပြီးနောက် ဒေသခံ အမျိုးသား၊ အမျိုးသမီး ၂၀ ထက် မနည်းကို ဖမ်းဆီးထားခဲ့ပြီး တချို့ကိုသာ ပြန်လွတ်ပေးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

IMNA ပေးပို့သည်။