ပုလောမြို့အဝင်အထွက်ဂိတ်များတွင် အစစ်ဆေးပိုတင်းကြပ်လာ

0
271
ပုံ - (Photo-CJ)

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် တနင်္သာရီတိုင်း၊ ပုလောမြို့ရှိ အဝင်အထွက် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်က ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် သြဂုတ်လဆန်းပိုင်းက စပြီး မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးတိုးမြှင့် ပြီး ခရီးသွားပြည်သူများကို အသေးစိတ် ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်သည်ဟု ဒေသခံများက ပြောဆိုသည်။

ယင်းကဲ့သို့ စစ်ဆေးရာတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ခရီးသွားပြည်သူများထံက ဖုန်းအပြင် ပါလာသမျှ ပစ္စည်းများ အားလုံးကို စစ်ဆေးနေပြီး မထင်ရင်မထင်သလို သိမ်းဆည်းမှုများ ပြုလုပ်နေကြောင်း ဒေသခံတစ်ဦး က ပြောပါသည်။

ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကုန်ပစ္စည်းများတင်ဆောင်လာသည့် မော်တော်ယာဉ်များကို ပိုက်စိပ်တိုက် စစ်ဆေးမှုများရှိနေပြီး ၎င်းတို့တောင်းခံသည့် ငွေကြေးမပေးပါက ပစ္စည်းသိမ်း၊ လူဖမ်းဆီးမှုတွေပါ လုပ်ဆောင်နေသည်ဟု အဆိုပါဒေသခံက ဆက်ပြောသည်။

ပုလောမြို့နယ်တွင် စစ်ကောင်စီ နန်းတောင်စစ်ဆေးရေးဂိတ်၊ အမှတ် ၅ စစ်ဆေးရေးဂိတ်၊ မကျီးတော စစ်ဆေးရေး ဂိတ်တို့သည် စစ်ဆေးမှု အဆိုးဆုံးဂိတ်များ ဖြစ်ပြီး ငွေတောင်း အကြမ်းဆုံး စစ်ဆေးရေးဂိတ်များ ဖြစ်သည်ဟု ဒေသခံခရီးသွားပြည်သူများက ပြောသည်။

ပုလောမြို့အတွင်း လုံခြုံရေးတင်းကျပ်ထားသည့်အပြင် စစ်ကောင်စီတပ်က ညပိုင်းအချိန်များတွင်လည်း တော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားသည့် ကျေးရွာများဘက်ကို နေ့တိုင်းဆိုသလို လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ပုလောမြို့နယ်သည် တော်လှန်ရေးအင်အားစုများ၏ ခုခံတော်လှန်မှုကြောင့် မြို့ပေါ်နှင့် ရပ်ကွက်တချို့ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်သော မြို့နယ်တစ်ခု ဖြစ်သည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here