တိုက်ပွဲဆက်လက်ဖြစ်ပွားမည့်အရေး စိုးရိမ်မှုကြောင့် ကျောက်တံခါးဒေသခံများ နေရပ်မပြန်ရဲ

0
274
ပုံစာ - ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းရွာတွင် စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းရွာတွင် စစ်ကောင်စီနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဆက်လက် တိုက်ပွဲဖြစ်ပွားလာမည့်အရေး စိုးရိမ်မှုကြောင့် သမင်အင်းကုန်းရွာနှင့် အနီးအနားရှိ ကျေးရွာများမှ ဒေသခံများက နေရပ်ပြန်လည် မနေထိုင်ရဲကြကြောင်း သိရသည်။

ဒေသခံအမျိုးသားတစ်ဦးက “သမင်အင်းကုန်းမှာ အခုတော့ တော်လှန်ရေးတပ်ဘက်က တပ်စွဲထားတယ်၊ အိမ်ကပစ္စည်းပျောက်မှာစိုးလို့ သက်စွန့်ဆံဖျားနဲ့ ပြန်နေတဲ့သူတော့ ရှိတယ်။ သမင်အင်းကုန်းတင်မဟုတ်ဘူး ရွာတွေ တော်တော်များများ ပြေးနေကြတုန်းပဲလေ။ တော်လှန်ရေးတပ်ရှိပေမယ့် တိုက်ပွဲဖြစ်မှာစိုးလို့ ပြန်မနေရဲကြဘူး” ဟု ပြောသည်။

သမင်အင်းကုန်းရွာ အပါအဝင် ကျေးရွာ ၇ ရွာကျော်က ဒေသခံများသည် ယခင်လပိုင်းများကလည်း စစ်ကောင်စီ၏ လက်နက်ကြီးနဲ့ ပစ်ခတ်မှုသာမက နယ်မြေတွင်း မတည်ငြိမ်မှုများကြောင့် စစ်ဘေးတိမ်းရှောင်နေရပြီး ယခုလို တိုက်ပွဲ ထပ်မံဖြစ်ပွား လာသောကြောင့် အများစုမှာ ယနေ့ (ဩဂုတ်လ ၁၁ ရက်) အထိ နေရပ်ကို မပြန်ရဲကြကြောင်း ပြောဆိုကြသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်နေ့က သမင်အင်းကုန်းရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာ တာကြောင့် စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများနှင့် ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

စစ်ဘေးတိမ်းရှောင် ထွက်ပြေးကြသောဒေသခံများသည် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းသို့ကူး၍သော်လည်းကောင်း အမျိုးအဆွေများရှိရာ ဘေးလွတ်ကင်းသည့် ကျေးရွာများသို့လည်းကောင်း တိမ်းရှောင်နေထိုင်ကြရကြောင်း အဆိုပါဒေသခံအမျိုးသားက ဆက်ပြောဆိုသည်။

ဩဂုတ်လ ၉ ရက်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၃၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၃ ဦး သေဆုံး၍ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များနှင့် ဒေသတွင်းမီဒီယာများ၏ ဖော်ပြပြောဆိုချက်အရ သိရသည်။

အခြားဒေသခံတစ်ဦးက “အဲ့မှာ အရင်တခေါက် ဖြစ်ပြီဆိုကတည်းက ဒေသခံအနည်းအကျဉ်းပဲ ကျန်တာ၊ တော်တော်များများ ရှောင်နေကြတယ်။ အခုဖြစ်တော့ ရှိတဲ့သူလည်း ပြေးကြပေါ့။ ကျောက်ကြီးဘက်ကိုလည်း ပြေးကြတယ်” ဟု ပြောဆိုသည်။

အလားတူ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၃) ထိန်းချုပ်ရာ ညောင်လေးပင်ခရိုင်တွင် ပြီးခဲ့သည့် ဇွန်လအတွင်း စစ်ကောင်စီနှင့် KNLA ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲကြီးငယ်ပေါင်း ၉၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ပိုင်းဆိုင်ရာအရာရှိများ အပါအဝင် ၁၅၀ ကျော် သေဆုံး၍ ၁၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သလို တိုက်ပွဲများဖြစ်ပွားစဉ် ကျေးရွာများအတွင်းသို့ စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဒေသခံနေအိမ် ၃၀၀ နီးပါး ထိခိုက်ပျက်ဆီးခဲ့သည်ဟု ကေအဲန်ယူ၏ ယနေ့ (ဩဂုတ်လ ၁၁ ရက်) သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here