ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် မုန်းမြို့နယ် အတွင်း စစ်တောင်းမြစ်ရေတက်၍ မုန်းမြို့ရှိ လမ်းပိုင်း ရေကျော်ပြီး ကျေးရွာရပ်ကွက်တချို့ ရေနစ်မြှုပ်ရာမှ စစ်ရှောင်များ ရိက္ခာထောက်ပံ့ သယ်ယူပို့ဆောင်ရေးတွင် အခက်အခဲတွေ့ကြုံနေရကြောင်း ဒေသအတွင်း စစ်ရှောင်ကူ အဖွဲ့များထံမှ သိရသည်။
ယင်းသို့ လမ်းပိုင်းရေကျော်လာသည့်အတွက် ထောက်ပံ့ရိက္ခာထုတ်များ သယ်ယူပို့ဆောင်ရာတွင် လူအား၊ မော်တော်ယာဉ်အားပါ အသုံးပြု ငှားရမ်းခပေး၍ ဖြတ်ကျော်ပို့ဆောင် နေရသည်ဟု ကရင်အရပ်ဘက် စစ်ရှောင်ကူအဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။
“ရေကျော်တဲ့လမ်းပိုင်း ရောက်တဲ့အထိ ဆိုင်ကယ်နဲ့လာရတယ်။ ဆိုင်ကယ်တစ်စီးကို မြန်မာငွေ လေးထောင် ပေးရတယ်။ ရေကျော်တဲ့နေရာရောက်တော့ အထုတ်တစ်ထုတ်စာနှုန်း ဘယ်လောက်ဆိုပြီး လူငှားထမ်း ရပြန်ရော။ ရေတက်နေတာ ကျနော့်လည်ပင်းနားလောက်ထိ ရှိတယ်။ အရင်ရက်ကဆို ခါးလောက်ပဲ ရှိသေးတာ” ဟု အဆိုပါအမျိုးသားက ဆိုသည်။
ယခုရက်ပိုင်း စစ်တောင်းမြစ်ရေ တိုးမြင့်လာသည်မှာ ပိုမိုဆိုးဝါးလာပြီး ရေဆက်လက် မြင့်တက်နိုင်ဖွယ်ရာ ရှိနေသည့်အတွက် မုန်းမြို့လမ်းပိုင်းတွင်လည်း ရေကျော်မှုများ ဆက်လက်ရှိနေနိုင်သည်ဟု စစ်ရှောင်ကူပေး နေသူများက ပြောဆိုသည်။
စစ်ကောင်စီဘက်က ညောင်လေးပင်ခရိုင်အတွင်း လမ်းပိုင်းတွင် စားနပ်ရိက္ခာနှင့် ဆေးဝါးများ သယ်ယူ ပို့ဆောင်ခွင့်ကို ကန့်သတ်တားမြစ်ထားသောကြောင့် အဆိုပါ မုန်းမြို့လမ်းပိုင်းကိုသာ အားထားပို့ဆောင် နေရသည်ဟု စစ်ရှောင်ကူအမျိုးသားက ဆက်ပြောသည်။
အလားတူ ပြီးခဲ့သည့်လပိုင်းက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရသော နတ်သံကွင်းမြို့အတွင်းနေ ဒေသခံများသည် ပဲနွယ်ကုန်းဘက်သို့ ဖြတ်သန်းသွားလာလိုပါက စစ်ကောင်စီမှ ဖြတ်သန်းသွားလာလိုသည့် ဆိုင်ကယ်နှင့် လူ ဖြတ်သန်းခများ ကောက်ခံနေပြီး စားနပ်ရိက္ခာ အမြောက်အများ တင်ဆောင်သွားလာခွင့် မပြုဘဲ ကန့်သတ်ထားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။
မုန်းမြို့ခံတစ်ဦးက “နတ်သံကွင်းကနေ ဈေးဝယ်ဘာဝယ် စစ်တောင်းမြစ်ကို ဖြတ်ကူးမယ်ဆိုရင် စစ်တပ်က ဆိုင်ကယ်တစ်စီးကို ဖြတ်ခ ဘယ်လောက်၊ လူတစ်ယောက်ဖြတ်ခ ဘယ်လောက်ဆိုပြီး ကောက်တယ်။ လူနဲ့ဆိုင်ကယ်နဲ့ ကတော့ ဖြတ်ခပေးပြီး ဖြတ်လို့ရတယ်။ ဆီကို ပုန်းလိုက်တို့ ကုန်ခြောက်တို့ စားစရာ အကုန်လုံးပေါ့၊ အများကြီးသယ်ပြီး သွားလို့မရဘူး၊ စစ်တပ်က ပေးမသွားဘူး” ဟု ပြောသည်။
ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီက ဆေးဝါးနှင့်ရိက္ခာ ပို့ဆောင်သယ်ယူခွင့်အား ကန့်သတ်တားမြစ် ထားသည်မှာ လချီ ကြာမြင့်နေပြီဖြစ်၍ စစ်ရှောင်ကူညီသူများက နည်းလမ်းရှာဖွေ၍ ပို့ဆောင်ထောက်ပံ့ နေရသော်လည်း ယခုလို ရေကြီးရေလျှံမှုများပါ ထပ်မံဖြစ်ပွားသောကြောင့် စစ်ဘေးရှောင်များအတွက် ထောက်ပံ့ရေးနှင့် သွားလာရေး အပိုင်းတွင် အခက်အခဲများစွာ တွေ့ကြုံနေရသည်ဟု ဆိုသည်။
ဒေသတွင်း တိုက်ပွဲများကြောင့် စစ်ရှောင်နေရသည့် ဒေသခံပြည်သူများသည် စစ်ကောင်စီ၏ သွားလာရေး ပိတ်ဆို့မှုများအကြား လိုအပ်သည့် စားရိက္ခာ အထောက်အပံ့များ ရရှိရန် စိန်ခေါ်မှုများ ရှိနေသည့်အပြင် ရေဘေးပါ ထပ်မံ ရင်ဆိုင်နေရ၍ စစ်ဘေးရှောင်များအတွက် အမိုးအကာနှင့်နေရာထိုင်ခင်း လိုအပ်ချက်များ ရှိနေကြောင်း စစ်ရှောင်ဒေသခံများနှင့် စစ်ရှောင်ကူညီသူများက ပြောဆိုသည်။
ကေအိုင်စီ ပေးပို့သည်။