ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် အထက်ဘက် ဧရာဝတီမြစ်ကမ်းဘေး တလျှောက်တွင်ရှိသည့် ကျေးရွာများက ဒေသခံအရပ်သား ပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီတပ် လိုက်လံဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောဆိုသည်။
စစ်ကောင်စီတပ်သည် ဩဂုတ်လ ၈ ရက်နေ့ မနက် ၈ နာရီလောက်က ရွှေကူမြို့ အထက်ပိုင်းမှာရှိသည့် ရွှေကူလေး ကျေးရွာ၊ ရွှေဘုံသာ ကျေးရွာနှင့် ငပေါက်ဝ ကျေးရွာဘက်ကို သံခွန်မော်တော် ၂ စီးဖြင့် စစ်ကောင်စီ တပ်ဖွဲ့အင်အား ၃၀ ရောက်လာပြီး ဒေသခံပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ငပေါက်ဝကျေးရွာအနီး နေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောသည်။
“သူတို့က မနက် အစောကြီးတက်လာပြီး ဆွဲတော့တာပဲ၊ ဝိုက်ဖမ်း ဖမ်းနေကြတာ အများကြီးပါသွားတယ်။ သံခွန်သင်္ဘောပေါ် ဖမ်းတင်သွားတယ်၊ ရွာထဲကို ဝင်ဖမ်းတာလို့” ၎င်းက ပြောသည်။
စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို အခုလိုဖမ်းဆီးသွားတာသည် မန္တလေးဘက်မှ ဇူလိုင်လ ၂၆ ရက်နေ့ ဆန်တက်လာတဲ့ စစ်သင်္ဘော ၉ စီး ရွှေကူသင်္ဘောဆိပ်ကနေ ဗန်းမော်ဘက်သို့ ဆန်တက်ဖို့ ပြင်ဆင်နေရာတွင် ယင်းသင်္ဘာပေါ်များ၌ လူသားဒိုင်းအနေနဲ့ အသုံးချဖို့ ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ ရွှေကူမြို့ခံ တက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
“သူတို့အဲ့နယ်မြေခံရွာသားတွေကို သူတို့ဒိုင်းကာလုပ်မယ်နေမှာ ရွှေဘုံသာတို့ ရွှေကူလေးရွာသားတို့ပါတယ်။ လူပေါင်း ၃၀ ကျော် ၄၀ လောက် ဖမ်းထားတယ်။ ဖမ်းပြီး ရွှေကူဘက်ကို ခေါ်လာတယ်၊ သင်္ဘောက ဒီနေ့ တက်မယ် ထင်တယ်၊ ပြင်တော့ ပြင်ဆင်နေကြတယ်လို့” ၎င်းက ပြောသည်။
စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံတွေထဲမှာ အမျိုးသား ၊အမျိုးသမီးတွေ ပါဝင်ပြီး ငပေါက်ဝကျေးရွာခံများ အများဆုံး ပါဝင်တယ်လို့ သိရသည်။
စစ်ကောင်စီတပ်က ရွှေကူနှင့် ဗန်းမောက်ကြား စစ်သင်္ဘောများ ဆန်တက်ရတွင် လူသားဒိုင်းအသုံးပြုဖို့ ဖမ်းဆီးနေတာနဲ့ ပတ်သက်ပြီး ရွှေကူ PDF နှင် နီးစပ်သည့် ဒေသခံအမျိုးသား တစ်ဦးက အခုလို ပြောဆိုသည်။
“သူတို့ဟာသူတို့ ကျပ်တည်းမှုများ အထိနာတဲ့အခါကျတော့ လူသားဒိုင်းပဲ သူတို့လုပ်သွားမှာ။ ပြည်သူတွေရှိရင် သူတို့ကို မထုဘူးဆိုတဲ့ အနေအထားနဲ့ သူတို့တောက်လျှောက် ဖမ်းတက်သွားမယ်လေ၊ ဖမ်းတက်မှာ မဟုတ်ဘူး၊ ဖမ်းကို ဖမ်းနေတော့တာ။ သူတို့အထိနာလေ ဖမ်းလေပေါ့။ မနေ့ကတော့ ကာကွယ်ရေးတွေက တစ်ခါ လှမ်းပစ်တယ်။ လက်နက်ကြီးနဲ့ ထိရောက်မှုတော့ မရှိသွားဘူး” လို့ သုံးသပ်ပြောဆိုသည်။
ယင်းစစ်သင်္ဘော ၉ စီးဟာ မန္တလေးကနေ ဆန်တက်ရာ ဧရာဝတီမြစ်ကမ်းတလျှောက် ကာကွယ်ရေးတပ်တွေရဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် အထိနာခဲသည့်အတွက် ထီးချိုင့်နဲ့ ကသာ ကြားတွင်လည်း ထီးချိုင့်အချုပ်ထောင် ထဲက အချုပ်သား ၅၀ ကျော်ကို လူသားဒိုင်းသဖွယ် ပြုလုပ်ပြီး ကသာအကျဉ်းထောင် အထိ တင်ဆောင်လာခဲ့တာ ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ယင်းအပြင် စစ်ကောင်စီတပ်ဟာ ဩဂုတ် ၇ ရက်နေ့ က မနက်ပိုင်းက ရွှေကူဆိပ်ကမ်းအဝင်တွင်လည်း စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လာတဲ့အပြင် ဩဂုတ် ၈ ရက်နေ့ ညပိုင်းအထိ ရွှေကူ အနောက်ဘက်ခြမ်းကို ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံများထံက သိရသည်။
သို့သော် ရွှေကူ အနောက်ဘက်ခြမ်းရှိ ကျေးရွာများမှ ဒေသခံရွာသားများက စစ်သင်္ဘော မတက်လာမှီ ၂ ရက် အလိုကတည်းက ကြိုတင်ပြီး တိမ်းရှောင်ခဲ့ကြလို့ လူထိခိုက်တာ မရှိခဲ့ဘူးလို့ အဆိုပါဒေသခံများက ပြောဆိုသည်။
KNG ပေးပို့သည်။