ဒေသတွင်းအမြင့်ဆုံးအာဏာကျင့်သုံးမည့် နိုင်ငံရေးဦးဆောင်အဖွဲ့ ချင်းအမျိုးသားကောင်စီ(မင်းတပ်) ဖွဲ့စည်း

By MPM 8 ဩဂုတ်, 2023 👁

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် နိုင်ငံရေးဦးဆောင်အဖွဲ့အဖြစ် ဒေသတွင်း အမြင့်ဆုံးအာဏာကျင့်သုံးမည့် ချင်းအမျိုးသားကောင်စီ (မင်းတပ်) ကို သြဂုတ်လ ၆ ရက်မှာ စတင်ဖွဲ့စည်းလိုက်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

လက်ရှိကာလသည် စစ်အာဏာရှင်တော်လှန်ရေး အတိုင်းအတာတစ်ခုထိ အောင်အောင်မြင်မြင် ခရီးပေါက်လာသော အချိန်ဖြစ်၍ နိုင်ငံရေးဦးဆောင်အဖွဲ့ အရေးတကြီး လိုအပ်လာသောကြောင့် စတင်ဖွဲ့ စည်းလိုက်ခြင်းဖြစ်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။

“နိုင်ငံရေးမပါတဲ့ တော်လှန်ရေးက အဆင်မပြေဘူးလေ။ အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီကို ဘယ်လို သွားကြမယ်၊ NUG နဲ့ ဘယ်လိုစကားပြောမယ်၊ ပြည်သူ့အစိုးရပေါ်လာခဲ့ရင် ပြည်နယ်အစိုးရနဲ့ ဘယ်လို ချိတ်ဆက်မယ်ဆိုတာကို ကာကွယ်ရေးကလည်း သူ့ဟာသူ သွားလို့မရဘူး။ ပအဖကလည်း သူ့ဟာသူ သွားလို့မရဘူး။ ကာကွယ်ရေးနဲ့ ပအဖနဲ့လည်း လက်ဝါးချင်းရိုက်ပြီး လုပ်လို့မရဘူး။ ဒီတော့ ချင်းအမျိုးသားကောင်စီဆိုတာ CDM အစုအဖွဲ့ရော၊ ကာကွယ်ရေးရော၊ ပအဖရော၊ ပြည်ပက တတ်သိ ပညာရှင်တွေ၊ တော်လှန်ရေးကိုကူညီနေတဲ့ ပြည်ပကအဖွဲ့အစည်းအသီးသီး၊ ပြည်တွင်းပြည်ပ အကုန်လုံး စုပေါင်းထားတဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်တယ်။ နိုင်ငံရေးလမ်းစဉ်တွေ ချမှတ်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ အရေးတွေပေါ့နော်၊ အဲလိုမျိုးတွေကို ဦးဆောင်ဖို့ပေါ့လေ။ အဲဒါတွေကို ဦးဆောင်ဖော်ဆောင်မယ့် နိုင်ငံရေး ဦးဆောင်အဖွဲ့ပါ” ဟု ကိုယောမာန်က ပြောသည်။

ချင်းအမျိုးသားကောင်စီ (မင်းတပ်) သည် အနာဂါတ် ချင်းလူမျိုးများအတွက် နိုင်ငံရေးလမ်းစဉ်များ ချမှတ်နိုင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီအရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရေး၊ တန်းတူရေး၊ အခြေခံ လူ့အခွင့်အရေးတို့ကို အာမခံချက်ပေးမည့် မူဝါဒလုပ်ငန်းစဉ်များ ရေးဆွဲချမှတ်၊ အကောင်အထည် ဖော်မည်ဟု ပြောသည်။

ဒေသတွင်း အမြင့်ဆုံးအာဏာကျင့်သုံးမည့် ချင်းအမျိုးသားကောင်စီ (မင်းတပ်) CNC (Mindat) ကို အထက်ပါ မူဝါဒလုပ်ငန်းစဉ်များ ရေးဆွဲချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြည်တွင်း/ပြည်ပ တော်လှန်ရေးအင်အားစုများ စုပေါင်း၍ ဖွဲ့စည်းခြင်း ဖြစ်သည်ဟု သိရသည်။

မင်းတပ်မြို့နယ်၏ တော်လှန်ရေး (၂) နှစ်ကာလအတွင်း အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ တရားစီရင်ရေး၊ လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ရေးစသည့် လုပ်ငန်းများကို စနစ်တကျ အကောင်အထည် ဖော်နိုင်သည်မှာ ပြည်တွင်း၊ ပြည်ပရှိ တော်လှန်ရေး အင်အားစုများ၏ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်မှုကြောင့် ဖြစ်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

KMG ပေးပို့သည်။